စစ်ကိုင်း-ကချင် အစပ် တိုက်ပွဲများကြောင့် အရပ်သား ၇ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်။
စစ်ကိုင်းတိုင်း၊ အင်းတော်၊ နဘားနှင့် မဲဇာဒေသများတွင် ဇွန်လကုန်မှ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ များ၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
သေဆုံးသူများအနက် နဘားကျေးရွာမှ လင်မယားနှစ်ဦးမှာ ဇွန်လ ၃၀ ရက်နေ့က အင်းတော်နှင့် ကသာကြား လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ခရီးသွားလာမိရာမှ တိုက်ပွဲကြားညှပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၇ ရက်နေ့တွင်လည်း နဘားတိုက်နယ်၊ ကမ်းနီကျေးရွာအနီးတွင် လယ်ယာလုပ်ကိုင်နေသည့် ဖခင်နှင့် သားဖြစ်သူတို့ ဒရုန်းကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။
ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက “ဇူလိုင် ၇ ရက်နေ့မှာတော့ နဘားတိုက်နယ် ကမ်းနီ ရွာထိပ်မှာ လယ်လုပ်နေတဲ့ အမျိုးသားနှစ်ယောက်၊ အသက် ၄၀ ကျော်အရွယ်သားနဲ့ ၇၀ ကျော်အရွယ်အဖေ သားအဖနှစ်ယောက် ဒရုန်းကျလို့ ဆုံးသွားတယ်။ ဒရုန်းက ဘယ်ဘက်ကကျတာလဲတော့ မသိဘူး” ဟု ပြော သည်။
ထို့ပြင် ဇူလိုင်လ ၁၂ ရက်နေ့တွင် စီပိန်းကျေးရွာ၌ သားအမိ၊ သားအဖ စုစုပေါင်း သုံးဦးမှာလည်း ပစ်ခတ်ခံရမှု ကြောင့် သေဆုံးခဲ့ရသည်။ အဆိုပါဖြစ်စဉ်မှာ စီပိန်းကျေးရွာ ဘုန်းကြီးကျောင်းဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အရပ်သား ထိခိုက်သေဆုံးမှုများအပြင် မဲဇာနှင့် နဘားဒေသအတွင်း လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ဆက်လက်ဖြစ်ပွားနေသည်။
ဇူလိုင်လ ၁၀ ရက်နေ့က မဲဇာ၊ လယ်နောင်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပင်သချေကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ ကိုရင်သုံးပါးနှင့် အရပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုနေ့ နံနက်ပိုင်းတွင်ပင် မော်လူးမြို့ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပုံးဟိုကျေးရွာမှ ၇ နှစ်အရွယ် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် အင်းတော် – နဘား – မဲဇာဒေသတစ်လျှောက် တိုက်ပွဲများမှာ ယာယီငြိမ်သက်နေသော်လည်း တပ်ဖွဲ့ များ အပြန်အလှန် စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိနေပြီး စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “တိုက်ပွဲကတော့ ငြိမ်နေတယ်။ ဒီတစ်ရက်၊ နှစ်ရက်ပေါ့၊ စစ်ဆိုင်ထားတဲ့ အနေအထားမှာ တော့ ရှိနေတယ်” ဟု ပြောသည်။
အဆိုပါဒေသများသည် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းနှင့် ဆက်စပ်နေသည့် စစ်ရေးအရ အရေးပါသောနေရာ များ ဖြစ်ပြီး မော်လူး၊ အင်းတော်နှင့် နဘားတစ်ဝိုက်တွင် စစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။