AA ထိန်းချုပ်ဒေသမှ ထွက်ပြေးလာသည့် စစ်အုပ်စု တပ်ဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ထိန်းသိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်မှ ထွက်ပြေးလွတ်မြောက် လာပြီး နာဖ်မြစ်ကို ဖြတ်ကူးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် BOB Post သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများမှာ မောင်တောမြို့မ ရဲစခန်းမှ ဒုတိယရဲအုပ် ဟိန်းဒီထက်၊ ရဲတပ်သား ဟိန်းဇော် နှင့် ဘူသီးတောင်မြို့နယ် အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ရင်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကျော်နိုင် တို့ဖြစ်သည်။
၎င်းတို့ ၃ ဦးသည် AA ၏ ထိန်းချုပ်ဒေသအတွင်း ကာလရှည်ကြာ ထိန်းသိမ်းခံထားရပြီးနောက် ဇူလိုင်လ ၁၉ ရက် ညပိုင်းတွင် မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ဒေသရှိ နယ်ခြားစောင့်တပ်ရင်းအနီးမှ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့သည် ၆ ကီလိုမီတာခန့် လမ်းလျှောက်လာပြီးနောက် နာဖ်မြစ်ကမ်းဘေးသို့ ရောက်ရှိကာ ပလတ်စတစ် ပုံဘူးများကို အသုံးပြု၍ မြစ်ကို ၂ နာရီနီးပါး ရေကူးဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ကနက်ဖ် (Teknaf) မြို့နယ်ဘက်သို့ ဇူလိုင်လ ၂၀ ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အဆိုပါ ၃ ဦးအား စကားပြန်ဖြင့် စစ်ဆေးမေးမြန်းပြီး တက်ကနက်ဖ် မြို့မရဲစခန်းထံ လွှဲပြောင်းပေးထားသည်။
၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ကော့စ်ဘဇား (Cox’s Bazar) တရားရုံးသို့ တင်ပို့သွားမည်ဖြစ်သည်။
နယ်စပ်ဒေသ အခြေအနေများအရ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ဘူသီးတောင် မြို့နယ်အများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။