“ဝ” တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ နေပြည်တော်သွားမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ 

တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ကြားဝင်ညှိနှိုင်းမှုနှင့် ဖိအားပေးမှုများကြောင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA – ကိုးကန့်တပ်) တို့သည် လာမည့် ဩဂုတ်လအတွင်း နေပြည်တော်သို့ သွားရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲများသည် နစက အစိုးရ၏ ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံချက်အောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လောက်ကိုင်မြို့တို့တွင် နှစ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပြီးနောက် နေပြည်တော်နှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်ဘက်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ 

MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ဩဂုတ်လ ဒုတိယပတ်ထက် မနောက်ကျဘဲ နေပြည်တော်သို့ သွားရောက် ဆွေးနွေးရန် တရုတ်ဘက်က ကာလသတ်မှတ်ပေးထားသည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရပ်ဆိုင်းနေသည့် တရုတ် အခြေခံအဆောက်အအုံ စီမံကိန်းများ ပြန်လည်စတင်နိုင်ရေးတို့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နေပြည်တော်နှင့် တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးနေခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

မကြာသေးမီကလည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် နေပြည်တော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ 

အလားတူ UWSA အဖွဲ့သည်လည်း ဩဂုတ်လအတွင်း နေပြည်တော်၌ ဆွေးနွေးမည်ဖြစ်ပြီး၊ လွန်ခဲ့သည့်လက NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင် “ဝ” အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ သွားရောက်ခဲ့သည်။

MNDAA နှင့် UWSA တို့သည် အဖွဲ့အစည်းအလိုက် အကျိုးစီးပွားချင်း မတူညီကြသော်လည်း တရုတ်ဘက်မှ နယ်စပ်ဂိတ် ပိတ်ဆို့မှုများနှင့် သံတမန်ရေး ဖိအားများကြောင့် နေပြည်တော်နှင့် ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ မဖြစ်မနေ တက်ရောက်ကြခြင်းဖြစ်ကြောင်း အကဲခတ်များက ထောက်ပြကြသည်။