အမျိုးသမီးဖောက်ခွဲရေးသမားသယ်လာသော ဗုံးပေါက်ကွဲ ပြီး အနည်းဆုံး ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။
ရုရှားနိုင်ငံ၊ မော်စကိုမြို့လယ်ရှိ နာမည်ကျော် အီတလီစားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် စနေနေ့ ညပိုင်း ၈ နာရီမတိုင်မီက အမျိုးသမီးတစ်ဦး သယ်ဆောင်လာသော ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများထဲတွင် လက်လုပ်ဗုံး သယ်ဆောင်လာသည့် အမျိုးသမီး၊ ဆိုင်လုံခြုံရေးဝန်ထမ်းနှင့် ဧည့်သည်တစ်ဦးတို့ ပါဝင်သည်။
ဆေးရုံတွင် နောက်ထပ် ၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူအရေအတွက်မှာ ၅ ဦးအထိ ရှိလာနိုင်သည်ဟု ဆိုသည်။
ဖြစ်စဉ်မှာ ဗုံးသယ်ဆောင်လာသည့် အမျိုးသမီးက ဆိုင်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ် လုံခြုံရေးဝန်ထမ်းက တားဆီးရာမှ ချက်ချင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းနေ့က အဆိုပါစားသောက်ဆိုင်ကို သီးသန့်ပွဲတစ်ပွဲအတွက်သာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရုရှားစစ်တပ်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း လူမှုကွန်ရက်များတွင် ခန့်မှန်းလျက်ရှိကြသည်။
ယခုဖြစ်ရပ်သည် ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်မှုရှိနိုင်ပြီး ယူကရိန်း၏ လက်ချက်ဖြစ်နိုင်ကြောင်း ရုရှားစစ်ရေးလေ့လာသူများက စွပ်စွဲထားသော်လည်း ယူကရိန်းဘက်က တစ်စုံတစ်ရာ တုံ့ပြန်ထားခြင်း မရှိသေးပေ။
ဗုံးသယ်ဆောင်လာသည့် အမျိုးသမီးမှာ ၎င်းထံတွင် ဗုံးပါကြောင်းကို မသိရှိဘဲ အဝေးမှ ထိန်းချုပ်ဖောက်ခွဲလိုက်ခြင်းမျိုးလည်း ဖြစ်နိုင်ခြေရှိကြောင်း ရုရှားသတင်းစာတစ်စောင်က သုံးသပ်ထားသည်။
မော်စကိုမြို့တော်ဝန်က အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။