လူမှု မီဒီယာ စောစော သုံးသည့် ကလေးများ နောက်ပိုင်းတွင် ကျောင်းစာ ရမှတ်များ ထိခိုက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။ 

ကလေးဘဝ အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ်တွင် Facebook၊ TikTok နှင့် Instagram စသည့် လူမှုကွန်ရက်များကို စောစီးစွာ သုံးစွဲခြင်းသည် နောက်ပိုင်းနှစ်များ၌ ကျောင်းစာ စာမေးပွဲအမှတ် သိသိသာသာ ကျဆင်းသွားခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း သုတေသနသစ်တစ်ခုက ဖော်ပြလိုက်သည်။

အီတလီနိုင်ငံ မီလန်-ဘီကော့ကာ တက္ကသိုလ် (University of Milano-Bicocca) မှ သုတေသီများသည် ၅ တန်းအရွယ် ကျောင်းသား ၅,၀၀၀ ကျော်ကို ၁၀ တန်း ရောက်သည့်အထိ ၄ နှစ်ကြာ စေ့စေ့စပ်စပ် စောင့်ကြည့် လေ့လာခဲ့ကြခြင်း ဖြစ်သည်။ 

အဆိုပါ သုတေသန စာတမ်းကို ထင်ရှားသည့် Nature သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့သည်။

ပထမ တွေ့ရှိချက်မှာ ကျောင်း ၆ လစာ အမှတ်ကျဆင်းမှုဖြစ်သည်။ 

၆ တန်းအရွယ် (အသက် ၁၁-၁၂ နှစ်) တွင် လူမှုကွန်ရက် အကောင့်စတင်ဖွင့်ခဲ့သည့် ကလေးများသည် ၁၀ တန်းအရွယ် (အသက် ၁၅-၁၆ နှစ်) ရောက်သည့်အခါ သင်္ချာနှင့် မိခင်ဘာသာစကား စာမေးပွဲများတွင် အမှတ်ပိုမို နည်းပါးခဲ့သည်။ 

အဆိုပါ အမှတ်နည်းပါးသွားသည့် ပမာဏသည် ကလေးတစ်ယောက် ကျောင်းတက်ချိန် ၆ လစာလောက် နောက်ကျကျန်ရစ်ခဲ့သည့် အမှတ်ပမာဏနှင့် ညီမျှနေသည်ကို တွေ့ရသည်။

သို့သော်လည်း အသက် ၁၃ နှစ်ကျော်မှ  လူမှု မီဒီယာ သုံးသော ကျောင်းသားများတွင် ထိခိုက်မှုနည်းပါးသည်ကို တွေ့ရှိခဲ့ကြသည်။  

၇ တန်းတွင် စတင်သုံးသည့် ကလေးများတွင်လည်း အမှတ်အနည်းငယ် ကျဆင်းသော်လည်း၊ ၈ တန်း (အသက် ၁၃-၁၄ နှစ်) ရောက်မှ စတင်သုံးစွဲသည့် ကလေးများတွင်မူ စာမေးပွဲ အမှတ် ထိခိုက်မှု မရှိသလောက် ဖြစ်သွားသည်ကို သုတေသနက တွေ့ရှိသည်။

သို့သော်လည်း လူမှု မီဒီယာ စောစီးစွာ အသုံးပြုခြင်းက အင်္ဂလိပ်စာ ဘာသာရမှတ်ကိုမူ ထိခိုက်စေခြင်း မရှိသည်ကို သုတေသနက တွေ့ရှိခဲ့သည်။ 

ကလေးများသည် သင်္ချာနှင့် မိခင်ဘာသာစကား စာမေးပွဲများတွင် အမှတ်ကျဆင်းခဲ့သော်လည်း အင်္ဂလိပ်စာ စာမေးပွဲတွင်မူ အမှတ်ကျဆင်းခြင်း မရှိခဲ့ပေ။ 

ယင်းသည် အွန်လိုင်းပေါ်တွင် အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားထားသည်များကို မကြာခဏ တွေ့မြင်ဖတ်ရှုနေရသဖြင့် အလိုလို လေ့ကျင့်ပြီးသား ဖြစ်သွားခြင်းကြောင့်ဟု သုတေသီများက သုံးသပ်ထားသည်။

သုတေသီများ၏ အယူအဆအရ ကလေးငယ်စဉ် စောစောသုံးမိပါက လူမှုကွန်ရက်များ၏ ဆွဲဆောင်မှုတွင် ပိုမို စွဲလန်းသွားတတ်သည်။ 

ထို့ကြောင့် ကျောင်းစာပေါ်တွင် အာရုံစိုက်မှု ပျက်ပြားသွားပြီး ကြာလာသည်နှင့်အမျှ စာသင်ယူမှုကို ပိုမို အဟန့်အတား ဖြစ်လာစေခြင်း ဖြစ်သည်။

ယခု တွေ့ရှိချက်သည် ကမ္ဘာတလွှား၌ ကလေးသူငယ်များ လူမှုကွန်ရက် သုံးစွဲမှုကို တားမြစ်ပိတ်ပင်ရန် ကြိုးပမ်းနေသည့် အစိုးရများအတွက် အရေးပါသည့် အထောက်အထားတစ်ခု ဖြစ်လာခဲ့သည်။

ဩစတြေးလျနိုင်ငံသည် အသက် ၁၆ နှစ်အောက် ကလေးများကို လူမှုကွန်ရက် သုံးခွင့် စတင် ပိတ်ပင်ခဲ့ပြီးဖြစ်သလို၊ ပြင်သစ်နိုင်ငံကလည်း အသက် ၁၅ နှစ်အောက် ကန့်သတ်ချက်ကို စတင် ကျင့်သုံးနေပြီဖြစ်သည်။ 

ဥရောပသမဂ္ဂ (EU) ကလည်း အသက် ၁၃ နှစ်အောက် ပိတ်ပင်ရေးကို ဆွေးနွေးလျက်ရှိသည်။

အမေရိကန်တွင် တရားဝင် ပိတ်ပင်မှု မရှိသေးသော်လည်း Meta (Facebook)၊ ByteDance (TikTok) နှင့် Google စသည့် ကုမ္ပဏီကြီးများသည် ကလေးသူငယ်များ စွဲလမ်းစေရန် စနစ်တကျ ဒီဇိုင်းဆွဲထားမှုများကြောင့် တရားစွဲဆိုမှုပေါင်း ထောင်ပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ 

Facebook ၏ မိခင် ကုမ္ပဏီ ဖြစ်သော Meta ကုမ္ပဏီတစ်ခုတည်းပင် တရားရုံး၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ဒေါ်လာ ၁.၄ ထရီလီယံအထိ လျော်ကြေးပေးရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

သို့သော်လည်း သုတေသနပညာရှင်များက အဓိကအကြောင်းရင်းမှာ အန္တရာယ်ရှိသော အကြောင်းအရာများ ကြည့်မိ၍လား သို့မဟုတ် အချိန်ကုန်သွား၍လား ဆိုသည်ကိုမူ ဆက်လက် လေ့လာရန် လိုအပ်သေးကြောင်း သတိပေးထားကြသည်။