နျူစက်ရုံများ ရေရရန် မြစ်ကို ကီလို ၁၈၀ ခန့်ယမ်းများဖြင့် လမ်းကြောင်းပြောင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။ 

နျူကလီးယား ဓာတ်အားပေးစက်ရုံများကို အအေးဓာတ်ပေးသည့် ဒါနူးဘ် (Danube) မြစ်ရေသည် စံချိန်တင် ကျဆင်းနေသဖြင့် နျူကလီးယားစက်ရုံ ရေပြတ်တောက်၍ ပိတ်မသွားစေရန် ရိုမေးနီးယား စစ်တပ်က ဒါနူးဘ်မြစ်အတွင်း ကီလို ၁၈၀ ရှိသည့် ယမ်းများဖြင့် မိုင်းခွဲကာ ရေလမ်းကြောင်း ပြောင်းလဲခဲ့ရသည်။ 

ဥရောပတွင် အပူချိန် စံချိန်တင် မြင့်မားပြီး မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ်နေသည်။ 

ရိုမေးနီးယားနိုင်ငံ ချာနာဗိုဒါ (Cernavodă) နျူကလီးယား စက်ရုံသို့ မြစ်ရေ အလုံအလောက် စီးဝင်နိုင်ရန် ရိုမေးနီးယား ရေတပ်သည် ယမ်းအမြောက်အမြောက်ကို အသုံးပြု၍ မြစ်ကြောင်း ပိတ်နေသည့် ကျောက်ဆောင်ကြီးကို မိုင်းခွဲ ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ရာသီဥတု အကျပ်အတည်းသည် အိမ်နီးချင်း ဟန်ဂေရီနိုင်ငံသို့ပါ ရိုက်ခတ်နေပြီး ပက်ခ်စ် (Paks) နျူကလီးယား စက်ရုံလည်း ထုတ်လုပ်မှု ပမာဏကို လျှော့ချထားရသည်။ 

ပုံမှန် မီဂါဝပ် ၂,၀၀၀ ထုတ်လုပ်သည့် အဆိုပါစက်ရုံသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မီဂါဝပ် ၂၄၀ သာ ထုတ်လုပ်နိုင်ခဲ့သည်။ 

ဟန်ဂေရီ အစိုးရက စက်မှုလုပ်ငန်းများကို လျှပ်စစ်ဓာတ်အား လျှော့ချရန် အမိန့်ပေးထားရသကဲ့သို့ ပြည်သူများကိုလည်း လျှပ်စစ် လျှော့သုံးကြရန် ဟန်ဂေရီ ဝန်ကြီးချုပ်က ပန်ကြားထားရသည်။

ဒါနူးဘ် မြစ်ရေသည် သမိုင်းတွင် မကြုံဖူးသည့်အထိ ခန်းခြောက်သွားခဲ့သဖြင့် ရေအောက်တွင် နှစ်ပေါင်းများစွာ မြုပ်နေခဲ့သည့် ဒုတိယကမ္ဘာစစ် လက်ကျန် သင်္ဘောပျက်များနှင့် ရှေးဟောင်း မက်မော့သ် (Mammoth) ဆင်ရိုးများပါ ပေါ်ထွက်လာခဲ့သည်။

Photo:AP