အောင်ပန်းတွင် ပျောက်ဆုံးနေသည့် ကလေးငယ်အလောင်းကို  ရေတွင်းပျက်၌တွေ့ရှိ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အနီးတွင် အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးသွားပြီးနောက် သေဆုံးနေသည့် အနေအထားဖြင့် ရေတွင်းပျက်တစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ ကြောင်း လူမှုကူညီရေးအသင်းဝင်များက ပြောဆိုသည်။

အောင်ပန်းနာရေး ကူညီမှုအသင်းနှင့် မိသားစုဝင်များ ဝိုင်းဝန်းရှာဖွေခဲ့ကြရာ အောင်ပန်းမြို့အနီး၊ ဘုရားတောင် ကျေးရွာရှိ ရေတွင်းပျက်တစ်ရွာ၌ ဩဂုတ်လ ၆ ရက် ည ၁၁ နာရီခန့်က ယခုကဲ့သို့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နီးစပ်သူတစ်ဦးက စတွေ့တော့ အလောင်းက ပုံမှန်ဟုတ်မနေဘူး။ ဒီတိုင်းပြုတ်ကျလို့ သေတာလား၊ တခုခု လုပ်ခံရတာလားဆိုတာ မြင်တဲ့သူတိုင်း သိကြပါတယ်။ ကလေးက ပျောက်နေတုန်း ဖြစ် သွားတာဆိုတော့ မိဘတွေ ရင်ကျိုးမတတ်ပဲ ဟု ပြောသည်။

သေဆုံးသူ ကလေးငယ်သည် ဩဂုတ်လ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်ကတည်းက ကျေးရွာအတွင်းရှိ နေအိမ်မှ တစ်ဦးတည်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များက ဝိုင်းဝန်းရှာဖွေော်သော်လည်း မတွေ့ရှိရသဖြင့် လူမှုကူညီရေး အသင်းဝင်များထံ အကူအညီ လိုက်လံတောင်းခံခဲ့ရခြင်း ဖြစ်သည်။

အလောင်းအား တွေ့ရှိချိန်တွင် သေဆုံးသူ ဝတ်ဆင်ထားသည့် နားကပ်တစ်ရံ ပျောက်ဆုံးနေပြီး နားရွက်၌ ဆွဲဖြုတ်ယူထားသည့် ဒဏ်ရာများကို တွေ့ရသည့်အပြင် တစ်ကိုယ်လုံးရှိ ဒဏ်ရာအနေအထားများအရ ရိုက်နှက် လုယက် သတ်ဖြတ်ပြီးမှ ရေတွင်းထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း လူမှုကူညီရေးအသင်းဝင်များက ကောက် ချက်ချ ပြောဆိုကြသည်။

သေဆုံးသူ ခြောက်နှစ်အရွယ် ကလေးငယ်မှာ နောင်ရဲကျေးရွာနေ ဦးမောင်မောင်နှင့် ဒေါ်ခက်ခက်တို့၏ သမီး ဖြစ်သူ မဆောင်းနှင်း ဖြစ်ပြီး သူငယ်တန်း (KG) တက်ရောက်နေသူတစ်ဦး ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

လိုက်လံကူညီဆောင်ရွက်ပေးခဲ့သည့် အမျိုးသားတစ်ဦးက အခု ရဲစစ်ချက်ယူနေသေးတယ်။ အသတ်ခံရတာ တော့ ဟုတ်တယ်။ အဲဒါတော့ သေချာပြောလို့ရတယ်။ နားကပ်ကလည်း ပြောရမယ်ဆို ပြန်ရောင်းရင် ဘယ် လောက်မှ မရပါဘူး။ သားသမီးချင်း မစာမနာ လုပ်ရက်ကြတာ။ ဒီမှာက ဆေးသမားများတော့ ဒါမျိုးတွေက ခဏခဏ ဖြစ်တယ် ဟု ပြောသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကလောမြို့နယ်အတွင်း ပိုင်ရှင်မဲ့အလောင်းများ တွေ့ရှိရခြင်း၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းနှင့် အသတ်ခံရသည့် ဖြစ်စဉ်များကြောင့် တစ်လလျှင် အနည်းဆုံး အလောင်းတစ်လောင်းခန့် ပေါ်ထွက်နေပြီး ဒေသခံများအနေဖြင့် ညဘက်သွားလာရေးအတွက် အထူးစိုးရိမ်ပူပန်နေကြရသည်။ 

ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ အသတ်ခံရသည့် ရာဇဝတ်မှုများနှင့် လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲမှုများမှာ တစ်နည်းတစ်ဖုံ ဆက်စပ်လျက်ရှိကြောင်း သိရသည်။