ထိုင်းမြောက်ပိုင်း ခရိုင် ၅ ခု၌ ရေကြီးရေလျှံ၊ ၂၄ နာရီ စောင့်ကြည့်ရန် ညွှန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် ထိုင်းအစိုးရက ၂၄ နာရီ အနီးကပ် စောင့်ကြည့်ရန် ညွှန်ကြားထားသည်။
ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ နန့် နှင့် လန်းပန်း ခရိုင် ၅ ခုတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။
ချင်းရိုင်ခရိုင်၊ ဝီယံပါပေါင်း (Wiang Pa Pao) မြို့နယ်၊ ချင်းရိုင်-ချင်းမိုင် လမ်းမကြီးပေါ်တွင် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ လတ်တလောတွင် ရေပြန်ကျသွားပြီဖြစ်၍ ယာဉ်များ ပုံမှန်သွားလာနိုင်သော်လည်း သတိထားမောင်းနှင်ကြရန် အသိပေးထားသည်။
မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ဗန့်ခါ့ဟန် (Ban Khahan) ကျေးရွာတွင်လည်း ရုတ်တရက် တောင်ကျရေဆင်းလာသဖြင့် ဒေသခံများ အရေးပေါ် ပစ္စည်းရွှေ့ပြောင်းခဲ့ကြရသည်။
ချင်းမိုင်မြို့တွင်း ဖြတ်သန်းစီးဆင်းသည့် ပင်းမြစ် (Ping River) ရေလျှံတက်လာရာ ဝပ်ခက် (Wat Ket) ရပ်ကွက်ရှိ မြစ်ကမ်းဘေးဆိုင်များနှင့် စားသောက်ဆိုင်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ဆိုင်အချို့ ခေတ္တပိတ်ထားရသည်။
ချင်းမိုင်နှင့် တစ်နာရီကျော်ခန့် ကွာဝေးသည့် လန်းပန်းခရိုင်၊ ဟန်ချတ် (Hang Chat) မြို့နယ်ရှိ မီးရထားသံလမ်းအောက် လမ်းကူးတွင် တောင်ကျရေကြောင့် ရေအမြင့် ၁ မီတာခန့်အထိ မြင့်တက်ခဲ့ပြီး ကျေးရွာအချို့သို့ သွားသည့် လမ်းများ ရေနစ်မြုပ်ကာ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေရသည်။
နန့်ခရိုင်အတွင်း၌လည်း မြစ်ရေ လျှံတက်လာသဖြင့် မြစ်ကမ်းဘေး ကျေးရွာများရှိ နေအိမ် ၃၀ ထက်မက ရေဝင်ရောက်နေသည်။
လိုင်နန့် (Lai Nan) ကျောင်းတိုက်ရှေ့လမ်းတွင် ၁ မီတာကျော် ရေမြုပ်နေသဖြင့် ယာဉ်ငယ်များ သွားလာ၍ မရတော့ဘဲ သံဃာတော်များနှင့် ဒေသခံများ စုပေါင်းကာ သဲအိတ်တားဆီးမှုများ ပြုလုပ်နေကြရသည်။
ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဦးစီးဌာန (DDPM) က မိုးကြီးနိုင်သည့် ဒေသများနှင့် မြစ်ကမ်းဘေး နေထိုင်သူများအနေဖြင့် တောင်ပြိုမှု၊ ရုတ်တရက် ရေကြီးမှုများကို သတိပြုကြရန်နှင့် အဓိက ပစ္စည်းများနှင့် မော်တော်ယာဉ်များကို ဘေးလွတ်ရာ ကုန်းမြင့်များသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားသည်။