အမျိုးသမီးတစ်ဦး စလော့ငါးပစ်ဂိမ်းရှုံး၍ ၆ နှစ်ရွယ်ကလေးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။
ရှမ်းပြည် တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အနီးတွင် စလော့ငါးပစ်ဂိမ်း ရှုံးနိမ့်သဖြင့် ၆ နှစ်အရွယ် သူငယ်တန်း (KG) ကျောင်းသူ မဆောင်းနှင်းအား သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ် ၍ နားကပ်လုယက်ယူဆောင်ခဲ့ကြောင်း တရားခံဖြစ်သူက ဝန်ခံထွက်ဆိုလိုက်သည်။
ပြစ်မှုကျူးလွန်သူမှာ နောင်ရဲကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မမိုးမိုးထွေး (ခေါ်) မိုးစက် ဆိုသူဖြစ်ပြီး ဩဂုတ် လ ၆ ရက်နေ့ ညနေပိုင်းတွင် စလော့ဂိမ်း ရှုံးလာသဖြင့် ယခုကဲ့သို့ ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။
၎င်းသည် ကလေးငယ်အား သတ်ဖြတ်၍ နားကပ်လုယူခဲ့ပြီးနောက် အလောင်းကို အောင်ပန်းမြို့အနီး ဘုရားတောင်ကျေးရွာရှိ ရေတွင်းပျက်တစ်ခုအတွင်း ပစ်ချစွန့်ပစ်ခဲ့ရာ မိသားစုဝင်များနှင့် လူမှုကူညီရေးအသင်း များက ဝိုင်းဝန်းရှာဖွေခဲ့ကြသဖြင့် အခင်းဖြစ်ပွားသည့်နေ့ ည ၁၁ နာရီခန့်တွင် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ကလေးအား ခေါ်ဆောင်သွားရာ၌ တွေ့ရှိခဲ့သည့် မျက်မြင်သက်သေ အချို့၏ သတင်းပေးမှု၊ သဲလွန်စများအရ ဩဂုတ်လ ၈ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် တရားခံကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။
ကလေးနှင့် နီးစပ်သူ တစ်ဦးက “နားကပ်က သူ့ဆီမှာတွေ့တယ်လို့ လာပြောတာလည်း ပါတယ်။ နောက်ပြီးတော့ ကလေးကို သူချီခေါ်သွားတာလည်း တွေ့တဲ့လူရှိတယ်။ အဲဒါနဲ့ ခေါ်စစ်တော့ သူလည်း ကလေးဆိုတော့ ကြောက် ကြောက်နဲ့ ဝန်ခံတယ်။ တကယ်တော့လည်း ကလေးချင်းချင်း ဖြစ်ကြတာပါ။ နိုင်ငံရေးမကောင်းတော့ ကလေး တွေလည်း စိတ်လေ၊ အာရုံတွေများ လုပ်မိလုပ်ရာ လုပ်နေကြတာ။ မိဘတွေလည်း မနိုင်တော့ဘူး” ဟု ပြော သည်။
လက်ရှိတွင် အသက် ၁၉ နှစ်အရွယ် တရားခံ မမိုးမိုးထွေး (ခေါ်) မိုးစက်ကို အောင်ပန်းမြို့ နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၉၄ (လုယက်မှုတွင် နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် တရားစွဲ ဆိုထားပြီး မြို့နယ်အဆင့် ရဲစခန်းသို့ ရွှေ့ပြောင်း ပို့ဆောင်သွားမည်ဟု သိရသည်။
အမှုလေ့လာစောင့်ကြည့်နေသည့် ဒေသခံ တစ်ဦးက “အခုကတော့ ဥပဒေအတိုင်း သွားကြမယ် ထင်ပါတယ်။ ဒီဖက်ကလည်း ကလေးတစ်ယောက်လုံး သေထားတာဆိုတော့ ကျေအေးမယ့်ပုံ မပေါ်ဘူး။ ဟိုဖက်ကလည်း ကလေးဆိုပေမယ့် ၁၉ နှစ်ဆိုတော့ အသက်ပြည့်ပြီလေ။ စလော့ဂိမ်းလည်း ဆော့တာဆိုတော့ အမှုထပ်တိုးမယ် ထင်တယ်” ဟု ပြောသည်။
အလားတူ ကလောမြို့နယ်နှင့် နီးစပ်သည့် ပင်းတယမြို့နယ်၊ ဘုရားဖြူကျေးရွာတွင်လည်း လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့ ညပိုင်းခန့်က စလော့ဂိမ်းစွဲနေသည့် မူလတန်းပြ ကျောင်းဆရာမတစ်ဦးမှ တစ်ရွာတည်းနေ သားအမိ နှစ်ဦးအား ဓားဖြင့်ခုတ်သတ်ကာ ငွေကြေးလုယက်မှု ဖြစ်ပွားခဲ့ဖူးသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်နှင့် ညောင်ရွှေ စသည့် မြို့နယ်များတွင် စလော့ ဂိမ်းစွဲလမ်းသူများ နေ့စဉ်နှင့်အမျှ တိုးပွားလာနေပြီး ယင်းနှင့်ဆက်စပ်သည့် ဒုစရိုက်မှုများလည်း ဖြစ်ပွားလျက်ရှိသည်ဟု စုံစမ်းသိရသည်။