ပလက်ဝမြို့ပေါ်ကို စစ်တပ် ဗုံးကြဲ၍ ခူမီးအမျိုးသမီးငယ်နှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။
ချင်းပြည်၊ ပလက်ဝမြို့ပေါ်သို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ဆယ်ကျော်သက် အရွယ် ခူမီးအမျိုးသမီးငယ်နှစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့သည်။
ဩဂုတ်လ ၁၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးသို့ စစ်တပ်၏ ဂျက်ဖိုက် တာ တစ်စီး ရောက်ရှိလာပြီး ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ခြင်း ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန် သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့အဝင်ဝအနီးရှိ ဦးသောကြာ၏ နေအိမ်အား ဗုံးစများ ထိမှန်ခဲ့ပြီး ၎င်း၏သမီးဖြစ်သူ အသက် ၁၉ နှစ်အရွယ် မထွေးစိန် နှင့် ရေတံခွန်ကျေးရွာမှ ပလက်ဝမြို့တွင် Grade-6 ပညာလာရောက်သင်ကြားနေသည့် အသက် ၁၃ နှစ်အရွယ် မသန္တာထိုက်တို့ နှစ်ဦး စလုံး၏ ညာဘက်ခြေထောက် များ၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
“မနက်ခင်းကြီး လေယာဉ်သံ ကြားလိုက်ရပြီး မကြာဘူး၊ မြို့အဝင်ဘက်မှာ ဗုံးကျပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတာ။ အိမ်နားတင် လာကျတော့ အိမ်လည်း ထိသလို အိမ်မှာရှိနေတဲ့ ကလေးမလေးနှစ်ဦးလုံး ခြေထောက်တွေမှာ ဗုံးစထိမှန်သွားတယ်။ အခုတော့ ဒဏ်ရာရထားတဲ့သူတွေကို ဆေးကုသပေးနေရတယ်” ဟု ပလက်ဝမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသွားသည့် အမျိုးသမီးငယ်နှစ်ဦးမှာ ခူမီးတိုင်းရင်းသူများ ဖြစ်ကြပြီး လက်ရှိတွင် နီးစပ်ရာ၌ ဆေးကု သမှု ခံယူနေကြရသည်။
စစ်တပ်သည် စစ်ဘက်နှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို နေ့စဉ်နှင့်အမျှ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသဖြင့် လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို ယခင်ထက် ပိုမိုဂရုစိုက် ကြရန် အာရက္ခတပ်တော် (AA) က အသိပေး တိုက်တွန်းထားသည်။
ပလက်ဝမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မတ်လ ၂၉ ရက်ကလည်း စစ်တပ်က ကြောင်ချောင်းကျေးရွာကို ဂျက်ဖိုက် တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ခုနစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ဖူးသည်။
ထို့ပြင် စစ်တပ်သည် ဩဂုတ်လ ၃ ရက်၊ ၄ ရက်၊ ၈ ရက်နှင့် ၁၀ ရက်နေ့တို့တွင်လည်း သံတွဲ၊ မြောက်ဦးနှင့် အမ်း စသည့် မြို့နယ်များရှိ အရပ်သားနေရာများကို နေ့ညမရွေး လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်မှု များပြားခဲ့သည့်အပြင် နေအိမ်များနှင့် တိရစ္ဆာန်များစွာ သေကျေပျက်စီး ဆုံးရှုံးခဲ့ရသည်။
ဓာတ်ပုံ – AA Info Desk