ဖမ်းဆီးထိန်းသိမ်းထားသည့် မူးယစ်ဆေးသုံးစွဲသည့် ကျောင်းသားနှင့် လူငယ် ၁၉ ဦးကို AA ပြန်လွှတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောင်းသားနှင့် လူငယ် ၁၉ ဦးကို ဩဂုတ်လ ၁၁ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က မိဘအုပ်ထိန်းသူများထံ အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း နီးစပ်သူများက ပြောသည်။

အဆိုပါ လွတ်မြောက်လာသူများ အနက် အသက် ၂၀ အောက် ကျောင်းသား ၁၃ ဦး ပါဝင်ပြီး ကျောက်တော် မြို့နယ်တွင် အခမ်းအနားပြုလုပ်၍ မိဘများထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

AA နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက အေအေတာဝန်ရှိသူတွေ၊ ဒီလပ်တာဝန်ရှိသူတွေ၊ မြို့နယ်အဆင့် တာ ဝန်ရှိသူတွေနဲ့ ရပ်ရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက မနက်ပိုင်းမှာ မိဘတွေဆီ ပြန်လည်အပ်နှံခဲ့တာပါ။ နောက် နောင် မူးယစ်ဆေးဝါး မသုံးစွဲဖို့ ကတိခံဝန်နဲ့ ပြန်လည်အပ်နှံခဲ့တာပါ။ ကျန်းမာရေးအခြေအနေကို စစ်ဆေးခဲ့ပြီး ကြိမ်ဒဏ် ပြစ်ဒဏ်ပေးခဲ့တာတွေလည်း ရှိပါတယ် ဟု ပြောသည်။

အာရက္ခပြည် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) သည် အဆိုပါ ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါး သုံးစွဲမှုမှ ကင်းဝေးစေရန်နှင့် အနာဂတ်ဘဝ လှပစေရန် ခေါ်ယူထိန်းကျောင်းခြင်း၊ အကျင့်စာရိတ္တ ပြုပြင်ခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပြီး မိဘများထံ မအပ်နှံမီ ကျန်းမာရေးစစ်ဆေးကာ ကြိမ်ဒဏ် ၃ ချက်မှ ၅ ချက်အထိ ပေးခဲ့သည်။

ထို့ပြင် ပြန်လည်လွတ်မြောက်လာသည့် လူငယ်များအနေဖြင့် နောက်ထပ် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ထပ်မံ ဖမ်းဆီးခံရပါက ယခင်ပြစ်ဒဏ်များကိုပါ တပေါင်းတည်း ကျခံရမည်ဖြစ်သည်။

ကျောက်တော်မြို့နယ်အတွင်း ကျောင်းသား ၁၃ ဦး၊ DLEPS တပ်ဖွဲ့ဝင် ၇ ဦးနှင့် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းချ သူများ အပါအဝင် စုစုပေါင်း ၇၇ ဦးကို DLEPS တပ်ဖွဲ့က လွန်ခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် တိုက်ပွဲများ စတင်ချိန်မှစ၍ ပညာရေးစနစ်များ ရပ်တန့်ကာ ကျောင်းသားနှင့် လူငယ် များ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့ရပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲမှုများ ရှိလာခဲ့သည်။ 

AA နှင့် DLEPS တို့အနေဖြင့် ဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အထူး ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ပြောဆိုထားသည်။