ရခိုင်တောင်စွန်း ဂွမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ သံတွဲ ကျောက်ကြီးရွာ တိုက်ခိုက်ခံရမှု သေဆုံးသူ ၁၆ ဦးထိ ရှိလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်အုပ်စုတပ်က ညအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာ တိုက်ခိုက်ခံရမှုတွင်လည်း သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်လာကြောင်း အာရက္ခတပ် တော် (AA) က ဩဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၉ နာရီခန့်တွင် စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ၄ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဂွဒေသခံ ပရဟိတသမားတစ်ဦးက ဂွဒေသခံတွေ ထိခိုက်တာမရှိပါဘူး၊ အိမ်တွေတော့ ပျက်စီးပါတယ်။ အခု မြို့ထဲက ရှောင်နေကြတယ်၊ ပြည်သူတွေ ဗုံးခိုကျင်းထဲမှာ နေတာများတယ် ဟု ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ပြည်သူလူထု ၏ လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာအား စစ်အုပ်စု တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ အရပ်သား ၁၆ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၈ ဦးအထိ တိုးလာသည်။

သံတွဲ၌ စစ်ရှောင်များကို အကူအညီပေးနေသူ အမျိုးသားတစ်ဦး ကိုယ်တို့ ရခိုင်ကို လေယာဉ်နဲ့ ဗုံးကြဲနေတာ က နေ့တိုင်းပဲ၊ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေက ရှိနေတာမျိုးဗျ။ မြန်မာစစ်တပ်က သူတို့ စစ် မနိုင်ရင် ပြောရမယ်ဆိုရင် အေအေကို မနိုင်တော့ လူထုကို တန်ပြန်လုပ်တာပေါ့ဗျာ။ တမင်ကိုမှ လူထုအပေါ်မှာ ရက်စက်တာ၊ မင်းတို့ ရခိုင်တွေကို ငါ့တို့ သတ်ပြမယ်ဆိုတာမျိုး အေအေကို လုပ်ပြတာမျိုးပေါ့ဗျာနော်။ ဒီလို စကားမျိုး ကျနော်က မပြောချင်ဘူး၊ မသုံးချင်ပါဘူးဗျာ။ ဒါပေမယ့် စစ်တပ်က တကယ်ကို ရက်စက်ကြမ်း ကြုတ်တာဗျဟု ပြောသည်။

တစ်ဆက်တည်းမှာပင် ဩဂုတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်တွင်လည်း ရခိုင်ဒေသနှင့် နယ်မြေချင်း ထိစပ်နေသော ချင်းပြည်၊ ဆမီးမြို့ရှိ အရပ်သားများ နေထိုင်ရာ ရပ်ကွက်များကိုလည်း စစ်အုပ်စုတပ်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆမီးမြို့၊ ရပ်ကွက် (၂) ရှိ အရပ်သား ဦးနိုင်တင်း၏ နေအိမ်ကို ဗုံးသီး တိုက်ရိုက်ထိမှန်ခဲ့ပြီး ဦးနိုင်တင်း၏ သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မမထွီးမေ (မထွေးမေ) မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့ပြင် ဦးနိုင်တင်းနှင့် ဇနီးဖြစ်သူ ဒေါ်ပြောင်နွဲ အပါအဝင် အသက် ၁၂ နှစ်ခန့်အရွယ်ရှိ ၎င်းတို့၏ သား ၃ ဦး ဖြစ်ကြသည့် မောင်ခိုင်လင်းအောင်၊ မောင်ထွန်းလင်းနိုင် နှင့် မောင်စိုးမိုးအောင်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြ သည်။

အဆိုပါ ဆမီးမြို့အဝင်ဝ အနီးဝန်းကျင်မှ နောက်ထပ် အရပ်သား ၄ ဦးမှာလည်း ဗုံးစများ ထိမှန်၍ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြသည်။

ဓါတ်ပုံ – အာရက္ခတပ်တော် (AA)