အင်းတော်၌ ကွင်းလမ်းသစ်ပြန်ဖွင့်ပေးရန် ယာဉ်မောင်းများ တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း သွားလာနေသည့် ကွင်းလမ်းအား ကျောက်ခင်းပြုပြင်ရန် ပိတ်ထားစဉ် အစားထိုး လမ်းသစ်မှ သွားလာခိုင်းသဖြင့် ယာဉ်မောင်း မျာနှင့် ကုန်သည်များ စုပေါင်းကာ လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် ကာကွယ်ရေးတပ်ဖွဲ့များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။
ဖြစ်စဉ်မှာ မန္တလေးနှင့် မြစ်ကြီးနားအကြား ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ပေးနေသည့် အင်းတော်မြို့နယ် ကွင်းလမ်းအတွင်းမှ လမ်းပိုင်းအချို့ကို ပိုမိုကောင်းမွန်စေရန် တော်လှန်ရေးအင်အားစုများက ကျောက်လမ်း ခင်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရွာသာကျေးရွာမှ မင်းကုန်းကျေးရွာအဝင်အထိ သွားလာခွင့်ကို ကန့်သတ်လိုက်ပြီး အခြားကွင်းလမ်း တစ်ခုသို့ လွှဲပြောင်းမောင်းနှင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် လွှဲပြောင်းပေးသည့် ကွင်းလမ်းအသစ်မှာ မိုးရွာသွန်းမှုကြောင့် မြေပျော့ပြီး ရွှံ့ဗွက်များ ပြည့်နှက်နေကာ ယာဉ်များ နစ်မြုပ်သည့်အပြင် စေတနာ့ဝန်ထမ်း ယာဉ်မောင်းများ သွားလာရန် လုံးဝ မဖြစ်နိုင်သည့် အခြေ အနေနှင့် ကြုံတွေ့ခဲ့ရသည်။
ပုံမှန် သွားလာနေကျ အင်းတော်ကွင်းလမ်းပေါ်တွင်လည်း ကုန်တင်ယာဉ် အစီးရေများစွာ သီတင်းပတ် နှစ်ပတ် ကျော်ကြာ ပိတ်မိနေခဲ့သဖြင့် ယာဉ်မောင်းနှင့် ကုန်သည်များ စုပေါင်းကာ လမ်းပိုင်းတာဝန်ရှိသူ တော်လှန်ရေး တပ်ဖွဲ့များနှင့် ဩဂုတ်လ ၂၀ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
“ကွင်းလမ်းကိုမဖွင့်ပေးတော့လို့ ပြီးတော့ နောက်ထပ်ကွင်းလမ်းသစ်ကို ထပ်သုံးခိုင်းလို့ ကားသမားတွေစုပြီး ဆန္ဒသွား ပြကြတာ။ ဆန္ဒပြတယ်ဆိုတာထက်တော့ ကားသမားတွေ အများကြီးစုပေါင်းပြီးတော့ သွားရောက် ညှိနှိုင်းကြတဲ့ သဘောပါပဲ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
ညှိနှိုင်းမှုအတွင်း ယာဉ်မောင်းများဘက်က လက်ရှိကြုံတွေ့နေရသည့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများနှင့် လမ်းကြောင်းသစ်၏ သွားလာရန် မဖြစ်နိုင်သည့် အခြေအနေများကို တင်ပြခဲ့ကြသည်။
တော်လှန်ရေးအဖွဲ့များဘက်ကလည်း စာထုတ်ပြန်ထားသော်လည်း လမ်းပိုင်းကျောက်ခင်းခြင်း လုပ်ငန်းပြီးစီး သည်နှင့် တစ်ပြိုင်နက် ၂ ရက်မှ ၃ ရက်အတွင်း မူလလမ်းကြောင်းအတိုင်း ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဟု နှုတ်အားဖြင့် ကတိပြု ညှိနှိုင်းပေးခဲ့ကြောင်း ဆိုသည်။
အခြား ယာဉ်မောင်းကလည်း “အဲ့လမ်းက ရွာသာရွာ မင်းကုန်း၊ ပိတ်ထားတာက ရွာသာရွာမှာပိတ်ထားတာပါ။ အဓိက က မင်းကုန်းတံတားက ပိတ်ထားတော့ ရွာသာရွာကနေ စပြီးသွားမရတော့တာ။ အဓိကတော့ မင်းကုန်း ရွာပါပဲ။ ကာကွယ်ရေးတပ်တွေနဲ့ ညှိပြီးတော့ အဆင်ပြေသွားပြီ ပြောတယ်” ဟု ပြောသည်။
ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း လမ်းကြောင်းဖြစ်သော မန္တလေး-မတ္တရာ-ထီးချိုင့်-ကသာ လမ်းပိုင်းမှာ လွန်ခဲ့ သည့် မေလဆန်းပိုင်းက ပြန်လည်ပွင့်လှစ်ခဲ့သော်လည်း နယ်မြေ မတည်ငြိမ်မှုနှင့် စစ်အုပ်စုတပ်၏ တိုက်ပွဲ များကြောင့် ပြန်လည်ပိတ်ဆို့သွားခဲ့သည်။
ထို့ကြောင့် ကုန်စည်ပို့ဆောင်သူများမှာ အနောက်ဘက်ခြမ်း လမ်းကြောင်းဖြစ်သည့် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို အဓိကအားထား ပြောင်းလဲအသုံးပြုနေရခြင်း ဖြစ်သည်။
လက်ရှိတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေများကြောင့် လမ်းမကြီးကို တိုက် ရိုက်မသုံးနိုင်ဘဲ ဘေးကွင်းလမ်းများမှတစ်ဆင့် ခက်ခဲစွာ ဖြတ်သန်းနေရပြီး မိုးရာသီကာလ ဖြစ်၍ လမ်းကြောင်း ကြန့်ကြာမှုများနှင့် လမ်းပိုင်းပိတ်ဆို့မှုများကို ကုန်သည်နှင့် ယာဉ်မောင်းများ ရင်ဆိုင်နေကြရသည်။