အင်းလေးရေ မြင့်တက်လာ၍ ကြိုတင်ရွှေ့ပြောင်းမှုများ ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။

ရှမ်းပြည် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် မြစ်ရေနှင့် တောင်ကျရေများကြောင့် ရေတရိပ်ရိပ် မြင့်တက်လာနေသဖြင့် ဒေသခံများက ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပစ္စည်းများနှင့် လုပ်ငန်းသုံး စက်ပစ္စည်းများကို အရေးပေါ် ရွှေ့ပြောင်းနေကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကလောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာမှ အဆိုပါရေများမှာ အင်းလေးကန်အတွင်းသို့ စီးဝင်လာသောကြောင့် နေ့စဉ် ရေတရိပ်ရိပ် မြင့်တက်နေခြင်း ဖြစ်သည်။

အင်းလေးဒေသတွင်း စက်လှေပြေးဆွဲနေသည့် ဒေသခံတစ်ဦးက အဖိုးတန်ပစ္စည်းတွေ၊ စက်ပစ္စည်းတွေတော့ ပြောင်းထားပြီးပြီ။ ကျန်တာက မီးစင်ကြည့်ကမယ်။ လူကတော့ မလွယ်သေးဘူး။ အိမ်ငှားခတွေက ဈေးကြီး တယ်။ သူများအိမ် အကြာကြီးလည်း မနေချင်ဘူး။ ရွာတိုင်းလိုလို ကြိုလုပ်နေကြပြီလို့ ပြောရမယ် ဟု ပြောသည်။

လက်ရှိတွင် အင်းလေးဒေသ၌ ၃ ရက်လျှင် ပျမ်းမျှ ၁ ပေနှုန်းခန့် ရေမြင့်တက်နေပြီး ညောင်ရွှေမြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်များနှင့် အင်းလေး ရေပေါ်ကျေးရွာများတွင် လူနေအိမ် အောက်ထပ်များအတွင်း ရေဝင်ရောက်ရန် ရက်ပိုင်းမျှသာ လိုတော့သည်ဟု ဒေသခံများက ဆိုသည်။

ထို့ကြောင့် ဒေသခံများမှာ အလုပ်ရုံများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းရုံများမှ လုပ်ငန်းသုံး စက်ပစ္စည်း များနှင့် အဖိုးတန်ပစ္စည်းများကို နီးစပ်ရာ ဆွေမျိုးများရှိသည့် ကုန်းမြင့်ပိုင်း ကျေးရွာများနှင့် တောင်ကြီးမြို့ပေါ်သို့ ကြိုတင်ရွှေ့ပြောင်းလျက် ရှိကြသည်။

ငွေကြေးမတတ်နိုင်သည့် ဒေသခံအချို့မှာမူ အိမ်ခေါင်မိုးထက်တွင် တန်းလျားများ ဆောက်လုပ်ကာ တန်ဖိုးကြီး ပစ္စည်းများကို တင်ထားကြရသည်။

အင်းလေးဒေသမှ ရေခြံလုပ်သားတစ်ဦးက ရေကတော့ ထပ်တက်ဦးမှာ။ သူဌေးတွေ တော်တော်များများက ပြောင်းကြတယ်။ ဒီကာလ မလွယ်ဘူးလေ။ စက်လှေခနဲ့တင် မနည်းဘူး။ မနှစ် ရှေ့တစ်နှစ်ကလို တချိန်တည်း ထိုးတက်လာရင် ဘာမှ မလုပ်နိုင်တော့ဘူးလေ။ အဲ့ဒါကို ကြိုလန့်နေကြတာဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း အင်းလေးဒေသ၌ ရေဘေးကြီးစွာ ကြုံတွေ့ခဲ့ရပြီး ကျေးရွာပေါင်း ၄၄၆ ရွာအနက် ၁၇၀ ကျော် ရေဘေးသင့်ခဲ့ရကာ အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးပြီး ပြည်သူ ၄၀ နီးပါး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် ယခင်ဖြစ်စဉ်ကဲ့သို့ အဆိုးရွားဆုံး အခြေအနေမျိုး မကြုံတွေ့ရစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်နေကြရသည်။

ဓါတ်ပုံ – (ပေးပို့ / Crd)