မြောင် ဘုန်းကြီးကျောင်း ဥပုသ်နေ့တွင် ဗုံးကြဲခံရ၍ ၁၂ ဦး ထက်မနည်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည် ကာ တရားနာယူနေစဉ် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော်များ အပါအဝင် ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဝါခေါင်လဆန်း ၈ ရက် (ဩဂုတ်လ ၂၁ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်တွင် မြောင်မြို့နယ်၊ ဆွဲလဲအို ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပနေသည့် ဝါတွင်းတရားစခန်းသို့ မန္တလေးမြို့ တံတားဦး လေတပ် မှ တက်လာသည့် စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံးထက်မနည်း ပစ်ခတ်ကြဲချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဓမ္မာရုံ ဘုရားခန်းပေါ်သို့ ဗုံးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ဆရာတော် ပျံလွန်တော်မူခဲ့သည့်အပြင် တရားစခန်းဝင်နေသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများ အများအပြား သေဆုံးခဲ့ရသည်။

ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဓမ္မာရုံတည့်တည့် ဒီဘုရားခန်းကို ကြဲသွားတာပဲ ပြောရမယ်ဆိုရင် ဘုရားခန်းပေါ် ကျတာပေါ့ဗျာ။ သေတာတွေများသလို ဒဏ်ရာရတာလည်း အများကြီးပဲ။ တရားစခန်းဆိုတော့ အကုန်လုံး စုပြုံနေတဲ့အချိန် ဘုန်းကြီးလည်း ပျံလွန်တော်မူပြီး အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပိနေတာတွေကို အခုထိ မထုတ်နိုင်သေးဘဲ အရေးပေါ် ကယ်ထုတ်နေရတုန်းပဲ ဟု ပြောသည်။

ယခု ဗုံးကြဲခံရသည့် တရားစခန်းမှာ ဆွဲလဲအိုကျေးရွာ ဒေသခံများ နှစ်စဉ်ပြုလုပ်နေကျ တရားစခန်းပွဲဖြစ်ပြီး ယခုနှစ်တွင် ရက်တိုတရားစခန်းအဖြစ် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ ကျင်းပနေခြင်းဖြစ်သည်။

ဒေသခံ တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ဒေသခံတွေ နှစ်တိုင်းကျင်းပနေကျနေရာကို ကြဲခံရ တာပါ။ ဓမ္မာရုံပေါ် ဗုံးကျတော့ ရှောင်ချိန်မရလိုက်ဘဲ ဖြစ်သွားရတဲ့ သဘောဗျ။ ဘုန်းကြီးကျောင်းဆောင်တင် မကဘူး၊ ဘေးနားက အိမ် ၅ လုံးပါ ပျက်စီးသွားတယ်။ ဒဏ်ရာရထားတဲ့သူ အတော်များများကလည်း အခြေ အနေ စိုးရိမ်ရလို့ သေဆုံးသူ ထပ်တိုးလာနိုင်တယ် ဟု ပြောသည်။

မြောင်မြို့နယ်သည် စစ်အုပ်စုတပ် ထိန်းချုပ်နိုင်ခြင်းမရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် ညပိုင်းကလည်း မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာကို စစ်အုပ်စုတပ်က တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲခဲ့သဖြင့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦး အပါအဝင် အရပ်သား ၂ ဦး သေဆုံးကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီနှင့် မတ်လများအတွင်းကလည်း မြောင်မြို့နယ် နဘက်ကျေးရွာနှင့် သောင်ကြီး ကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲခဲ့၍ မွေးကင်းစ ကလေးငယ်အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး နေအိမ် ၃၀ ခန့် မီးလောင်ပြာကျခဲ့ရသည်။

ဓါတ်ပုံ – (ပေးပို့ / Crd)