AA ထိန်းချုပ်ရာ ပလက်ဝ၌ စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးများအပါ ၅ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က စိမ်းညင်းဝကျေးရွာသို့ ဂျက်ဖိုက်တာ ၂ စီးဖြင့် နေ့လယ် ၁၁ နာရီ ၉ မိနစ်၊ ၁၁ နာရီ ၁၂ မိနစ်နှင့် ၁၁ နာရီ ၁၆ မိနစ်တို့တွင် ၃ ကြိမ်တိုင်တိုင် ဗုံးများ ကြဲချ တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ဒေသခံ ကုန်သည် အမျိုးသမီးတစ်ဦးက ဂျက်ဖိုက်တာ ၂ စီးနဲ ပေါင် ၅၀၀ ဗုံးနှစ်လုံး၊ ပေါင် ၃၀၀ ဗုံး တစ်လုံးနဲ့ ရော့ကတ်သီး ၈ လုံးတို့နဲ့ ကြဲချတိုက်ခိုက်ခဲ့တာပါ၊ ဓမ္မာရုံအဆောင်မှာ ၁ လုံး၊ ရွာအလယ်မှာ ၃ လုံးနဲ့ ရွာအဆုံးမှာ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တာ လူတွေအစုလိုက်သေပြီး ဒဏ်ရာတွေလည်းရခဲ့ကြပါတယ် ဟု ပြောသည်။

စစ်အုပ်စုတပ် ကြဲချခဲ့သည့် ဗုံးများသည် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံအဆောင်အပါအဝင် ကျေးရွာအလယ်နှင့် ကျေးရွာအနောက်ပိုင်းတို့သို့ ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇၁ နှစ်အရွယ် ဒေါ်သန္တာဖြူ၊ အသက် ၁၀ နှစ်အရွယ် မောင်မြတ် ကျော်နိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ခိုင်ခိုင်စိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မသန်းဝင်းနှင့် အသက် ၁ နှစ်အရွယ် မောင်ထက်မြတ်ကျော်တို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် အသက် ၇ နှစ်မှ ၁၃ နှစ်အရွယ် ကလေးငယ် ၈ ဦး အပါအဝင် ဒေသခံ ၁၇ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဘေး လွတ်ရာသို့ ပြောင်းရွှေ့ကာ အရေးပေါ် ဆေးကုသမှု ပေးနေရသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၉ လုံးအပြင် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံအဆောင်နှင့် ဆွမ်း စားဆောင်တို့ ပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း ၉၀၀ ကျော်အထိ ရှိသည်ဟု ဒေသခံများ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ပလက်ဝမြို့ကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သဖြင့် ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့၊ ညပိုင်းတွင်လည်း ဆမီးမြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ – (Paletwa Times / Crd)