ယူကရိန်းအတွက် ဥရောပနိုင်ငံများ စစ်ရေးအကူအညီ ပိုမိုတိုးမြှင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ 

ယူကရိန်းနိုင်ငံအတွက် စစ်ရေးထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ရန် ဥရောပခေါင်းဆောင်များ သီးသန့်အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဗီဒီယိုစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။ 

ဆွေးနွေးပွဲတွင် ရုရှား၏ စစ်ရေးစွမ်းရည်ကို လျှော့ချရန်နှင့် ရုရှား၏ အရိပ်သင်္ဘောများကို  ကို နှိမ်နင်းရန် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ အစည်းအဝေး၌ ဥရောပသမဂ္ဂ (EU) က ယူကရိန်းအတွက် နောက်ထပ် ယူရို ၆.၁ ဘီလီယံ အကူအညီပေးရန် သဘောတူညီခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က ဒုံးကျည်ဆိုင်ရာ နည်းပညာများနှင့် စစ်ကူအသစ်များ ထပ်မံပေးအပ်ခဲ့ကြောင်း CNBC သတင်းတွင် ဖော်ပြထားသည်။ 

ပြင်သစ်သမ္မတ မက်ခရွန်က ယူကရိန်း၏ လေကြောင်းပိုင်နက် ကာကွယ်ရေးအတွက် အဓိက လိုအပ်နေသည့် ကြားဖြတ်ပစ် လေကြောင်းကာကွယ်ရေး ဒုံးကျည်များကို ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်းသည်လည်း ရာထူးရရှိပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ကိယက်ဗ်မြို့သို့ သွားရောက်ခဲ့ကာ၊ SCALP တာဝေးပစ် ဒုံးကျည် အစိတ်အပိုင်းဆိုင်ရာ လျှို့ဝှက် နည်းပညာများကို ယူကရိန်းအတွင်းရှိ စက်ရုံများ၌ တိုက်ရိုက် တပ်ဆင်ထုတ်လုပ်နိုင်ရေး ဗြိတိန်ကာကွယ်ရေးကုမ္ပဏီကို လွှဲပြောင်းပေးအပ်ခွင့် ပြုလိုက်သည်။ 

ယခုကဲ့သို့ ဥရောပနိုင်ငံများ၏ စစ်ရေးအကူအညီများ ထွက်ပေါ်လာခြင်းမှာ ယူကရိန်းအလယ်ပိုင်း ခရီဗီရီးမြို့ရှိ လူစည်ကားရာ ဈေးဝယ်စင်တာတစ်ခုကို ရုရှား၏ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ၁၂၈ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။