စစ်မှုထမ်း အကြောင်းပြ၍ PNA က ငွေညှစ်သဖြင့် တိုင်ကြားသော်လည်း စစ်အုပ်စုက ဖြေရှင်းပေးခြင်းမရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်။
မသမာမှုများရှိပါက တိုင်ကြားနိုင်ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်တောင်ပိုင်း၊ တောင် ကြီးမြို့နယ်တွင် စစ်မှုထမ်း အကြောင်းပြ၍ ပအိုဝ်းပြည်သူ့စစ် (PNA) ၏ အဓမ္မ ဖမ်းဆီးငွေညှစ်ခံရမှုကို ဗဟို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံ လက်တွေ့တိုင်ကြားရာ၌ ဖြေရှင်းပေးခြင်းမရှိဘဲ ငြင်းဆိုခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီခန့်က ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများမှ တောင်ကြီးမြို့သို့ အလုပ် လုပ်ရန် လာရောက်သည့် လက်သမား အမျိုးသားနှစ်ဦးသည် တောင်ကြီးအတက်လမ်း၊ လွယ်တော် ကျေးရွာအုပ်စု၊ ဇလဲကျေးရွာ ညောင်ပင်အနီးရှိ PNA စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးငွေညှစ်ခြင်း ခံခဲ့ရသည်။
ဖမ်းဆီးရာ၌ ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိသည်ဟု အကြောင်းပြကာ ငွေကျပ် သိန်း ၃၀ တောင်းခံခဲ့ပြီး မပေးနိုင်ပါက စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း နီးစပ်သည့် လက်သမားများက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ နှစ်ဦး၏ အလုပ်ရှင်က ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်) ထံ ဖုန်းဆက်တိုင်ကြားခဲ့သော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဘဲ ရပ်ကျေး စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်သာ သက်ဆိုင်သည်ဟုဆိုကာ ငြင်းဆို၍ ဖုန်းချသွားခဲ့ကြောင်း ဆိုသည်။
လက်သမားလောကမှ နီးစပ်သူတစ်ဦးက “အလုပ်လုပ်မလို့ တက်လာတာကို အဲ့ဂိတ်မှာ ဖမ်းသွားတာ။ စစ်မှု ထမ်းဖို့ ဘာညာပြောတော့ သူတို့ သူဌေးက နေပြည်တော်အထိ ဖုန်းဆက်ပေးတာ။ သူလည်း ဆိုင်ရာပိုင်ရာတွေ ရှိတယ်။ ဘာတွေ အဆင်မပြေလဲတော့ မသိဘူး။ ဖုန်းဝင်တာနဲ့ ဟိုက တခါတည်း ငြင်းလွှတ်ပြီး ဖုန်းချသွား တယ်” ဟု ပြောသည်။
ထို့နောက် ဖမ်းဆီးခံရသူများ၏ အလုပ်ရှင်က PNA ဂိတ်သို့ ကိုယ်တိုင်သွားရောက်၍ ငွေကျပ် ၇၀,၀၀၀ ဖြင့် တောင်းဆိုညှိနှိုင်းခဲ့ရပြီးနောက် အဆိုပါ လက်သမားနှစ်ဦး ပြန်လွှတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
PNA နှင့် နီးစပ်သည့် ပအိုဝ်းတိုင်းရင်းသား ပွဲစားတစ်ဦးက “သူတို့တောင်းတာ ၃၀ ဆိုတော့ များတယ်။ ကျနော် လည်း ဒီလောက် မရှိဘူး။ သူလည်း တောင်းပန်ကြည့်တယ်။ နောက်တော့ ၇ သောင်းနဲ့ အဆင်ပြေသွားတယ်လို့ ကြားတယ်။ သူကိုယ်တိုင် ဂိတ်အထိ သွားပေးရတယ်” ဟု ပြောသည်။
ထိုနေ့၌ပင် အဆိုပါ PNA စစ်ဆေးရေးဂိတ်၌ အခြား အမျိုးသား ၆ ဦးလည်း ထပ်မံဖမ်းဆီးခံခဲ့ရပြီး မိသားစုဝင် များက တစ်ဦးလျှင် ငွေကျပ် ၃ သိန်းစီ ပေးဆောင်၍ လာရောက်ထုတ်ယူခဲ့ရကြောင်း ဆိုသည်။
တောင်ကြီးမြို့နယ်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မပါဝင်သော်လည်း ပအိုဝ်းတိုင်းရင်းသား ၄၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ဒေသဖြစ်သဖြင့် မြို့နယ်တစ်ခုလုံးနီးပါးတွင် စစ်အုပ်စုလက်အောက်ခံ PNA အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး မကြာခဏဆိုသလို စစ်မှုထမ်းအကြောင်းပြကာ ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲငွေတောင်း ခြင်းနှင့် မင်းမဲ့စရိုက်ဆန်ဆန် ငွေညှစ်မှုများကို ကျူးလွန်လျက်ရှိသည်။
ဓါတ်ပုံ – (ပုံဟောင်း – Crd)