ရွှေကူတွင် စစ်အုပ်စု စစ်သင်္ဘောတစ်စီး မီးလောင်၊ လေကြောင်းမှ ကလပ်စတာဗုံးဖြင့် လက်တုံ့ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်

မန္တလေးမှ ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘောများ ကမ်းကပ်ထားသည့် ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တော်လှန်ရေး အင်အားစုများ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီး မီးလောင် ပျက်စီးခဲ့ပြီးနောက် စစ်တပ်က ကလပ်စတာ (Cluster) ဗုံးများ အသုံးပြု၍ လေကြောင်းမှ လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်လျက်ရှိ သည်။

မန္တလေးမြို့မှ ဩဂုတ်လ ၂၁ ရက်တွင် ထွက်ခွာလာသည့် အင်အား ရာနှင့်ချီ ပါဝင်သော စစ်တပ်၏ စစ်သင်္ဘော ရေယာဉ် ၁၄ စီးသည် ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကူမြို့၊ အမှတ် (၃) ဆိပ်ကမ်း သို့ ရောက်ရှိ ကမ်းကပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်္ဘောများ ကမ်းကပ်ထားစဉ် ဩဂုတ်လ ၂၈ ရက် ည ၁၁ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များက ကာကွယ်ရေး ဒရုန်းများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတစ်စီး မီးလောင် ပျက်စီးခဲ့သည့်အပြင် စစ်တပ်ဘက်မှ စစ်သား တစ်ဦး၊ ရဲတပ်သားတစ်ဦးနှင့် ကုန်တင်စိစစ်ပေးနေသူတစ်ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက စစ်အုပ်စု စစ်သင်္ဘောတွေ ရွှေကူ အမှတ် (၃) ဆိပ်ကမ်းမှာ ဆိုက်ထားချိန် ဒရုန်းနဲ့ ဝင်ပစ်တာ။ သင်္ဘောတစ်စီး လုံးဝ မီးလောင်သွားတယ်။ သူတို့ဘက်က အထိနာသွားတော့ မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်သလို လေကြောင်းကနေလည်း ချက်ချင်း လက်တုံ့ ပြန် ဗုံးကြဲတာတွေ လုပ်လာတာ ဟု ပြောသည်။

သင်္ဘောများ တိုက်ခိုက်ခံရအပြီး ဩဂုတ်လ ၂၈ ရက် ညပိုင်းတွင်ပင် စစ်အုပ်စုတပ်သည် မံစီမြို့နယ်၊ ဟန်ထက် ကျေးရွာရှိ စစ်ဘေးရှောင် စခန်းအနီးသို့ ဂျက်တိုက်လေယာဉ် နှစ်စင်းဖြင့် နိုင်ငံတကာက သုံးစွဲခွင့် ပိတ်ပင်ထား သည့် ကလပ်စတာဗုံး ၄ လုံး ကြဲချခဲ့ရာ ကျေးလက်ကျန်းမာရေး ဆေးခန်းနှင့် မော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။

တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက စစ်တပ်က ရွှေကူမှာ အထိနာသွားတော့ ဒီဘက် မံစီကို မဲပြီး ဂျက် ဖိုက်တာနှစ်စီးနဲ့ ဗုံးလာကြဲတာ ည ၁၁ နာရီလောက်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့် ရောက် လာပြီး တိုက်နယ်ဆေးရုံကို ဗုံးကြဲသွားတာ ဟု ပြောသည်။

ထို့ပြင် ဩဂုတ်လ ၂၉ ရက်နေ့တွင်လည်း ရွှေကူမြို့ ဆိပ်ကမ်း၌ ပစ္စည်းများ သယ်ယူချကင်းနေစဉ် ဗုံးကျ ရောက် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သလို စစ်အုပ်စုတပ်က ဂျက်လေယာဉ်များဖြင့် ဆင့်ပွား ပေါက်ကွဲစေတတ်သည့် ကလပ်စတာဗုံးများကို ဆက်လက် ကြဲချနေကြောင်း ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ရွှေကူမြို့ပေါ်ရှိ အရပ်သား အိမ်စီးကားများနှင့် ကားဂိတ်အချို့မှ မော်တော် ယာဉ်များကို ချောဆွဲကာ သင်္ဘောပေါ်ပါလာသည့် စစ်လက်နက် ပစ္စည်းများနှင့် စစ်အင်အားများကို ရွှေကူအခြေ စိုက် တပ်ရင်းများအတွင်းသို့ ပို့ဆောင်နေပြီး စင်းခန်းနှင့် ဗန်းမော်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးနိုင်ရန် အင်အားဖြည့်တင်းလျက်ရှိသည်။

စစ်သင်္ဘောများ ရွှေကူမှတစ်ဆင့် ဗန်းမော်ဘက်သို့ ဆက်လက် ဆန်တက်မည်ဖြစ်ရာ မြစ်ကြောင်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများ ပိုမို ပြင်းထန်လာနိုင်သဖြင့် စင်းခန်း၊ ဗန်းမော်နှင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများမှ ဒေသခံ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ စနစ်တကျ တိမ်းရှောင် ကြရန် တော်လှန်ရေး အင်အားစုများက သတိပေး နှိုးဆော်ထားသည်။

ဓာတ်ပုံ – (Banmaw Scout Team / ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောများအား တွေ့ရစဉ်။)