စစ်သင်္ဘောများကို တိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၀၀ ကျော် KIA ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။
မန္တလေးမှ ဗန်းမော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောများကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ နစ်မြုပ်၊ မီးလောင်ပျက်စီးခဲ့ပြီး စစ်သုံ့ပန်း ၁၀၀ ကျော်ကို လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ရေယာဉ်အုပ်စုသည် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဩဂုတ်လ ၂၁ ရက်တွင် ထွက်ခွာလာပြီး ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာနှင့် ဗန်းမော်မြို့နယ် စင်းခန်းတံတားအကြား စက်တင်ဘာလ ၂ ရက်၌ ဆန်တက်စဉ် တိုက်ခိုက်ခံ ခဲ့ရခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်သင်္ဘော ၁ စီး ရေထဲမြုပ်ကာ ၁ စီး မီးလောင်ပျက်စီးခဲ့ပြီး စင်းခန်းတံတားအောက်တွင် အခြား ၁ စီး ထပ်မံ တိုက်ခိုက်ခံခဲ့ရသည်။
ထို့ပြင် ကမ်းစပ်သို့ ကပ်လာသည့် စစ်သင်္ဘော ၂ စီးမှာ အလံဖြူထောင်၍ လက်နက်ချခဲ့သလို လုံခြုံရေးယူပေး သည့် စပိဘုတ် ၂ စီးကိုလည်း ပူးပေါင်းတပ်များက လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KIO သတင်းပြန်ကြား ရေးဌာနက ဖော်ပြသည်။
မြေပြင်တွင် ပါဝင်နေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက “ရေထဲမှာ စစ်သားတွေ ရေစီးနဲ့ မျောလာတော့ ကမ်းကို ရအောင်ကူးခဲ့ဖို့ အော်ပြောရတယ်။ မကူးတတ်လို့ ရေအောက် မြုပ်သွားသူတွေလည်း မနည်းလောက် ဘူး” ဟု ပြောသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း ၁၀၀ ကျော်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များအပြင် ဗန်းမော်၌ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်ရန် လိုက်ပါလာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များ၊ ကလေးသူငယ်များလည်း ပါဝင်သည်။
အဆိုပါ လက်နက်ချသူများကို လေကြောင်းအန္တရာယ်မှ ကင်းဝေးစေရန် KIA ပူးပေါင်းတပ်များက ဘေးကင်းရာ သို့ ရွှေ့ပြောင်း ထိန်းသိမ်းပေးထားသည်။
မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရွှေကူနယ်မြေခံ တော်လှန်ရေး ရဲဘော်တစ်ဦးက “လက်နက်ချလာတဲ့ စစ်သား တွေရော၊ သူတို့နဲ့အတူ ပါလာတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေပါ ပါတာပါ။ အရာရှိတွေလည်းပါတယ်။ စစ် ဆေးနေတုန်းပဲ။ အကုန်လုံးကို ဘေးကင်းနိုင်မယ့် နေရာကို အရင်ရွှေ့ရတာပေါ့။ လေယာဉ်က နေ့တိုင်းလာ ချနေတော့ မလွယ်ဘူး ထိကုန်မှာစိုးရတယ်။ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို KIA ရဲ့ စစ်ရုံးချုပ်ကနေ တိုက် ရိုက်ကွပ်ကဲပြီး လုံခြုံတဲ့နေရာမှာ ထိန်းသိမ်း စစ်ဆေးသွားမှာပါ” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် သင်္ဘောလမ်းကြောင်း ပွင့်ရေးနှင့် စင်းခန်းတံတားကို ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယမြစ် ကျဉ်း အရှေ့ဘက်နှင့် အနောက်ဘက် မြစ်ကမ်းဘေးတလျှောက်ကို လေကြောင်းမှ ဗုံး ၂၈ ကြိမ်ထက်မနည်း ကြဲချခဲ့သလို စက်တင်ဘာလ ၃ ရက်တွင်လည်း ဇင်းဘုံကျေးရွာဘက်သို့ မြေပြင်ထိုးစစ်များ ဆက်လက် ပြုလုပ်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
စစ်အုပ်စုတပ် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ၌မူ ဖမ်းဆီးခံရသူများသည် စစ်တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ရွှေမျောလုပ်ငန်းမှ အရပ်သားများသာ ဖြစ်ကြောင်း ပြန်လည် ဝါဒဖြန့် ဖုံးကွယ်ပြောဆိုလျက်ရှိသည်။
KIA ၏ စစ်ရေးသတင်းများအရ ၂၀၂၅ ခုနှစ်တွင် ဗန်းမော်စစ်မျက်နှာသို့ စစ်ကူ ရိက္ခာပို့သည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော ၅ စီးကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ်တွင်မူ စစ်အုပ်စုတပ် စစ်သင်္ဘော ၉ စီးအထိ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။