စစ်တွေနှင့် ပတ်ပတ်လည် ဒေသများကို စစ်တပ် လေကြောင်းမှ မိနစ် ၃၀ အတွင်း အကြိမ် ၃၀ ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်

ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင် မြို့နယ်တို့ရှိ ကျေးရွာများကို စက်တင်ဘာလ ၃ ရက် မွန်းလွဲပိုင်းတွင် ဂျက်ဖိုက်တာ ၄ စီးဖြင့် မိနစ် ၃၀ အတွင်း အကြိမ်ရေ ၃၀ ခန့် လှည့်ပတ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) နှင့် ဒေသခံများက ပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာများမှာ ပုဏ္ဏားကျွန်း-စစ်တွေ နယ်စပ်ရှိ ကွမ်းတောင်၊ ကုန်းတန်း ကြိမ်ချောင်း၊ မက္ကလာကျ၊ ညိုရောင်၊ မင်းလှ၊ ပဒေသာ ကျေးရွာများနှင့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းရှိ ကြက်ရိုးဆိပ်၊ ညောင်ပင်ကြီး စသည့် ကျေးရွာများ ဖြစ်ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင် ဒေသခံတစ်ဦးက ဂျက်ဖိုက်တာတွေ ရောက်လာပြီး မွန်းလွဲ ၁ နာရီခွဲ လောက်ကတည်းက တဆက်တည်းကို ဗုံးကြဲတော့တာ။ ပေါက်ကွဲသံတွေက ဆက်တိုက်ကြားနေရတယ်။ ကွမ်း တောင်နဲ့ ပဒေသာဘက်မှာ လယ်ထဲ ဆင်းနေကြတဲ့ ရွာသားတွေလည်း ပါသွားမလားဆိုပြီး အတော်လေး စိုးရိမ် နေရတယ်။ အားလုံးလည်း ဗုံးခိုကျင်းတွေထဲမှာ ပုန်းနေကြရတာ ဟု ပြောသည်။

ထို့အပြင် ပေါက်တောမြို့နယ်မှ မြစ်အရှေ့ဘက်ကမ်း ဒေသခံတစ်ဦးကလည်း တိုက်လေယာဉ် ပျံနေတာရော၊ ဗုံးသံတွေပါ ပုဏ္ဏားကျွန်းဘက်ကနေ ဆက်တိုက် ကြားနေရတာ။ အရင်ကထက် ဗုံးကြဲသံတွေ ပိုပြင်းတယ်။ မြို့ နဲ့ နီးတဲ့ရွာတွေကိုပါ ပစ်မှတ်ထား လာကြဲတာဆိုတော့ ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး။ ဗုံးခိုကျင်းထဲ အကုန်ဝင်နေရတာ ဟု ပြောသည်။

ထိုသို့ လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်အပြင် စစ်အုပ်စုတပ်သည် ယနေ့ နံနက် ၁၁ နာရီခန့်မှ စ၍ ရခိုင်တောင်ပိုင်း ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောများပေါ်မှတစ်ဆင့် ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် သံတွဲမြို့နယ် ဂျိတ္တော အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကိုလည်း ရေကြောင်းမှပါ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘဲ စစ်အုပ်စုတပ်၏ လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်း အန္တရာယ်များကို ပြည်သူများအနေဖြင့် အထူး သတိထားကြရန် အာရက္ခတပ်တော် (AA) က သတိပေး ထုတ်ပြန်ထားသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့နယ် ပတ်လည်ရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်များကို သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်တွေမြို့ပေါ်ရှိ စစ်အုပ်စု စခန်းများကို ဝန်းရံ ပိတ်ဆို့ထားသည်။

စစ်အုပ်စုတပ်ကမူ ဆုံးရှုံးသွားသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်ရန်အတွက် ပဲခူး၊ မကွေးနှင့် ဧရာဝတီ တိုင်းတို့မှတစ်ဆင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့်အပြင် လေကြောင်း တိုက်ခိုက်မှုများကိုလည်း ဆက် တိုက် ပြုလုပ်လျက်ရှိသည်။

ဓါတ်ပုံ – (ပုံဟောင်း / Crd)