အီရန်စစ်ပွဲတွင် အမေရိကန် စစ်စရိတ် ဒေါ်လာ ၃၈ ဘီလီယံအထိ မြင့်တက်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် ၆ လတာ စစ်ပွဲအတွင်း အမေရိကန်အစိုးရ၏ စစ်စရိတ် ကုန်ကျမှုမှာ ဒေါ်လာ ၃၈ ဘီလီယံအထိ ရှိလာကြောင်း ကွန်ဂရက် ဘတ်ဂျက်ရုံး (CBO) က ထုတ်ပြန်ခဲ့သည်။
ဩဂုတ်လ ၁ ရက်အထိ စာရင်းများအရ စစ်စရိတ်မှာ တစ်လလျှင် ဒေါ်လာ ၃ ဘီလီယံနှုန်း ပုံမှန် တိုးမြင့်လျက်ရှိပြီး၊ ၂၀၂၇ ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်၏ ငွေကြေးဖောင်းပွမှု နှုန်းထား ဝ.၅ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာနိုင်ကြောင်း CBO က သတိပေးထားသည်။
စစ်ပွဲအတွင်း ကုန်ခန်းသွားသည့် စစ်လက်နက်ပစ္စည်းများကို မူလအတိုင်း ပြန်လည်ဖြည့်တင်းရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဖြစ်သဖြင့် ထိုင်ဝမ်အရေး အပါအဝင် အခြားသော ဒေသတွင်း ပဋိပက္ခများကို တုံ့ပြန်နိုင်စွမ်း လော့ကျသွားနိုင်ကြောင်း သုံးသပ်ထားသည်။
ပင်တာဂွန် စစ်ဌာနချုပ်အနေဖြင့် စစ်လက်နက် ဖြည့်တင်းရေးအတွက် အရေးပေါ် ဘတ်ဂျက် ဒေါ်လာ ၉၀ ဘီလီယံနီးပါး တောင်းခံထားသည်။
ထို့ပြင် အီရန်၏ ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများကြောင့် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာနှင့် ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ အကြီးအကျယ် ပျက်စီးခဲ့သည်။
စုံစမ်းထောက်လှမ်းရေး လေယာဉ်ကြီးတစ်စင်း အပါအဝင် လေယာဉ် ၆၀ နီးပါးနှင့် အဆောက်အအုံများ၊ ယာဉ်များ ပျက်စီးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၃.၇ ဘီလီယံဖိုးခန့် ရှိကြောင်း စစ်ဘက်ဆိုင်ရာ အစီရင်ခံစာများတွင် ဖော်ပြထားသည်။