ဂျပန်တွင် အသက် ၁၀၀ ကျော် သက်ကြီးရွယ်အို ၁ သိန်းကျော်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။
ဂျပန်နိုင်ငံ၏ အသက် ၁၀၀ နှင့်အထက် သက်ကြီးရွယ်အို ဦးရေမှာ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁၀၇,၆၇၇ ဦးအထိ စံချိန်တင် မြင့်တက်လာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
၎င်းတို့အနက် ၈၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြပြီး၊ အသက်အကြီးဆုံး အဘွားမှာ ကျိုတိုမြို့မှ အသက် ၁၁၄ နှစ်အရွယ် ဖုယို ကိရှိမိုတို (Kishimoto Fuyo) ဖြစ်ကာ အသက်အကြီးဆုံး အဘိုးမှာ ခူမာမိုတိုမြို့မှ အသက် ၁၁၂ နှစ်အရွယ် ဟိခါရု ခါတိုး (Kato Hikaru) ဖြစ်သည်။
ဂျပန်ပြည်သူများ သက်ရှည်ကျန်းမာခြင်းမှာ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဆန်တို့ကို အဓိကထားသည့် အစားအသောက်ပုံစံ၊ တက်ကြွသည့် လူနေမှုဘဝနှင့် နည်းပညာ၊ ဆေးဝါးကုသမှု တိုးတက်မှုများကြောင့် ဖြစ်သည်။
သို့သော် အခြားတစ်ဖက်တွင် ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ ၁.၁၄ အထိ စံချိန်တင် ကျဆင်းလျက်ရှိရာ၊ အသက် ၁၀၀ ကျော်သူဦးရေ စံချိန်တင် များပြားလာခြင်းနှင့်အတူ တိုင်းပြည်၏ လူမှုဖူလုံရေးစနစ်ကို ရေရှည်ထိန်းသိမ်းရေးမှာ အစိုးရအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။