မကွေးတိုင်း ဆောမြို့နယ် တိုက်ပွဲများအတွင်း စစ်အုပ်စုအထိနာပြီး ဒဏ်ရာရသူများ သယ်ထုတ်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တို့တွင် စစ်အုပ်စုတပ်က စစ်ကြောင်း ထိုး အင်အားဖြည့်တင်းနေသဖြင့် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများအတွင်း အထိနာခဲ့သည့် ဒဏ်ရာရ စစ်သားများနှင့် ပျူစောထီးများကို ပေါက်မြို့နယ်နှင့် လောင်းရှည်မြို့တို့သို့ ပြန်လည် ပို့ဆောင်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တိုက်ပွဲများအတွင်း ခြေပြတ်၊ လက်ပြတ် ဒဏ်ရာ အပြင်းအထန် ရရှိထားသည့် စစ်သားများနှင့် ပျူစောထီးများ ကို လောင်းရှည်မြို့ အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၅) မှတစ်ဆင့် စလင်းလမ်းအတိုင်း စစ်ကားများ၊ အရပ်သားများထံမှ ချောဆွဲထားသော ယာဉ်များဖြင့် တင်ဆောင်ကာ ကပစ (၂၅)-ကျွန်းတော-ကံပြား-စလင်း လမ်းအတိုင်း ပြန်လည်ဆုတ်ခွာ သယ်ထုတ်နေခြင်းဖြစ်သည်။

ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက မကွေးတိုင်း ဆောမြို့နယ်က တိုက်ပွဲတွေ၊ ရခိုင်အစပ်၊ ချင်းအစပ် တိုက်ပွဲတွေမှာ ဒဏ်ရာရ စစ်သားတွေများတယ်။ အဲဒါကို ဆေးကုဖို့ ပြန်သယ်လာ တာပါ ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လကတည်းက ပေါက်မြို့နယ်အခြေစိုက် ကပစ (၂၄) ၌ စုဖွဲ့ကာ ကျောက်ထုတိုက်နယ်၊ ကြီးရွာဘက်သို့ စစ်ကူအင်အားအဖြစ် စေလွှတ်ခံခဲ့ရသည့် ပျူစောထီးအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် တိုက်ပွဲများအတွင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဒဏ်ရာရသူ အများစုကို လေကြောင်းဖြင့် ရှေ့ဦးစွာ သယ်ထုတ်သွားခဲ့သော်လည်း ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်တွင် ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရ ပျူစောထီးများကိုမူ ကပစ (၂၄) ဆေးရုံသို့ ပို့ဆောင်နိုင်ရေးအတွက် ကုန်းလမ်းစစ်ကြောင်းဖြင့် ပြန်လည်ရွှေ့ပြောင်းပေးနေရသည်။

ဒေသခံတစ်ဦးက“စစ်တပ်က ဆော-လောင်းရှည်လမ်းကို ခြေကုပ်ယူထားပြီး ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာလည်း အထိုင်ချတပ်စွဲနိုင်ဖို့ ကြိုးစားနေတယ်။ လောင်းရှည်ကနေ ဆောမြို့ကို အင်အား ဖြည့်တာ၊ တပ်ချိန်းတာ ပုံစံအမျိုးမျိုးလုပ်ဖို့ဆိုရင် လောင်းရှည်-ဆောလမ်းပိုင်းက အရေးကြီးတော့ မင်းလယ်၊ သီးကုန်းနဲ့ တောင်ဘို့ကြီးရွာတွေမှာ စစ်တပ်က တပ်စွဲထားတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့လက အင်အား ဖြည့် တဲ့ စစ်ကြောင်းတွေ အကျအဆုံး ဒဏ်ရာရတာများနေတယ် ဟု ပြောသည်။

ဆောမြို့နယ်၏ အဓိကလမ်းပိုင်းများနှင့် ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့များကို ထိန်းချုပ်ရန် စစ်အုပ်စုတပ်က လွန်ခဲ့သည့် ၅ လအတွင်း ဆောမြို့နယ်သို့ အင်အား ၄,၀၀၀ ဝန်းကျင် ပို့ဆောင်ခဲ့သည်။

ထို့ပြင် မကွေးမြို့မှ စစ်ကား အစီးရေ ၁၈၀ ဝန်းကျင်ဖြင့် အင်အား ၁,၀၀၀ ခန့် ပါဝင်သည့် စစ်ကြောင်း တစ်ကြောင်းသည် ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ ကပစ (၂၅) သို့ ရောက်ရှိနေကြောင်း ဆောမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းတွင် ရှမ်းပြည် အခြေစိုက်တပ်များ၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှ စစ်စခန်းအချို့ ပြန်လည် ရုတ်သိမ်းကာ ပြန်လည်စုဖွဲ့ထားသည့် တပ်မ (၈၈) လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း မြေပြင်ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဓါတ်ပုံ – Crd