ART ဆေး ပြန်ရသော်လည်း ဆေးပြတ်မည်ကို မြစ်ကြီးနားနှင့် ဝိုင်းမော် လူနာများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်

ကချင်ပြည်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် သက်ဆိုင်ရာက ပြတ်လပ်နေသည့် HIV ရောဂါထိန်းချုပ် ဆေး (ART) များကို ပြန်လည်ထုတ်ပေးနေပြီ ဖြစ်သော်လည်း ဆေးဝါးရရှိမှု ပမာဏ အကန့်အသတ်ဖြင့်သာ ပေးနေသည့်အတွက် ပုံမှန်မှီဝဲနေရသူများအနေဖြင့် ဆေးဝါး ထပ်မံပြတ်လပ်သွားမည်ကို စိုးရိမ်လျက်ရှိကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှစ၍ သက်ဆိုင်ရာ ဆေးရုံများတွင် ART ဆေးဝါး ပြတ်လပ်မှုများ ကြုံတွေ့ ခဲ့ရပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး ART ဌာန၌ တစ်ပတ်လျှင် ၃ ရက်၊ စာအုပ်ပြသ၍ တစ်ကြိမ်လျှင် ဆေးတစ်လစာစီ ပြန်လည်ထုတ်ပေးနေခြင်း ဖြစ်သည်။

အမည်မဖော်လိုသည့် စေတနာ့ဝန်ထမ်းတစ်ဦးက “မြစ်ကြီးနားကို ဆေးတွေပို့လိုက်တာက ၁၈ ရက်နေ့ကပါ။ ဆိုတော့ ၂၁ ရက်နေ့ကို အကုန်ပြန်ထုတ်ပေးနိုင်အောင် ပြင်ဆင်ထားတယ်။ အခုလည်း ထုတ်ပေးနေပါပြီ။ ဆေးလုံးဝပြတ်သွားတာမျိုး မဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ တခြားတော့ ဘာမှ ပြောလို့မရဘူး ဟု ပြောသည်။

ယခင်က ဆေးတစ်ကြိမ်ထုတ်လျှင် ၂ လမှ ၃ လစာအထိ ပုံမှန်ရရှိခဲ့သော်လည်း စစ်အုပ်စုတပ် အာဏာသိမ်းပြီး နောက်ပိုင်း အစိုးရဆေးရုံများက တာဝန်ယူ ထုတ်ပေးချိန်မှစ၍ ဆေးဝါးရရှိမှု နည်းပါးလာခဲ့ကြောင်း ဆေးလာ ရောက်ထုတ်ယူသူများက ဆိုသည်။

မြစ်ကြီးနားမြို့သို့ ဆေးလာရောက်ထုတ်ယူသည့် ဒေသခံတစ်ဦးက အရင်ကဆိုရင် ဆေးရုံကို ၃ လမှ တစ်ခေါက် ပဲ သွားရတာ။ အခုကျတော့ ဆေးရုံက အခြေအနေကြည့်ပြီး တစ် ပတ်စာ၊ ဆယ့်ငါးရက်စာ၊ အခုဆိုရင် တစ်လ စာလောက်ပဲ အကန့်အသတ်နဲ့ ခွဲတမ်းချပေးတော့တာ။ နယ်ဘက် ကလာရတဲ့ သူတွေဆို လမ်းစရိတ်လည်း မလွယ်ဘူး။ စစ်ဆေးရေးဂိတ်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းပြီးမှ ဆေးလာထုတ်ရတာဆိုတော့ ဆေးရုံကို ခကြာခဏ မလာနိုင်ကြဘူး။ ဆေးပြန်ရပြီဆိုပေမဲ့ နောက်ပိုင်း ထပ်ပြတ်သွားမှာကို အရမ်းစိုးရိမ်ရတယ် ဟု ပြောသည်။

အလားတူ မူးယစ်ပြန်လည်ထူထောင်ရေး သင်တန်းကျောင်းများတွင် ရှိနေသူများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဝေးလံခေါင်ဖျား ဒေသမှ လူနာများမှာလည်း ဆေးဝါးခွဲတမ်း နည်းပါးခြင်းနှင့် လမ်းစရိတ် အခက်အခဲများကြောင့် ဆေးပုံမှန် ထုတ်ယူနိုင်ရေးအတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။

ART ဆေး (Anti-retroviral therapy) ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ HIV ဗိုင်းရပ်စ်ပိုးများ ထပ်မံ မပွားလာ စေရန် ထိန်းချုပ်ပေးသည့် ဆေးဝါးဖြစ်ပြီး အစဉ်ဆက်မပြတ် သောက်သုံးမှသာ သက်တမ်းစေ့ နေထိုင်နိုင်သလို အခြားသူများထံ ကူးစက်မှုကိုလည်း လျှော့ချပေးနိုင်မည် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ HIV ကုသရေး လမ်းညွှန်ချက်များအရ ART ဆေးကို တစ်လအတွင်း ၃ ကြိမ်ထက်မက သောက်သုံးရန် ပျက်ကွက်ပါက ဆေးယဉ်ပါးမှု ဖြစ်လာနိုင်ပြီး ရောဂါပိုး ပိုမိုပြန့်ပွားလာကာ ကိုယ်ခံအားစနစ် ပျက်စီးပြီး AIDS ရောဂါအဆင့်သို့ ရောက်ရှိကာ အသက်အန္တရာယ် ပေါ်ပေါက်နိုင်ကြောင်း သတိပေးထားသည်။

ART ဆေး ပုံမှန်သောက်သုံးနေရသည့် လူနာတစ်ဦးက ကျနော်တို့အတွက် ဒီဆေးက အသက်ပဲ။ တစ်ရက်မှ ပျက်လို့မရဘူး။ ဆေးမသောက်ရရင် ကိုယ်ခံအားတွေ ကျပြီး ရောဂါပိုးတွေ ပွားလာမှာလေ။ ဩဂုတ်လတုန်းက မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့်နဲ့ ဝိုင်းမော်ဘက် တွေ ကို ၃ လစာအထိ နောက်ဆုံးထား ထုတ်ပေးခဲ့တာ။ စက်တင်ဘာလဆန်းမှာ လုံးဝ ဆေးထုတ်မပေးနိုင်တော့လို့ အားလုံး စိတ်ခြောက်ခြားခဲ့ရတယ်။ အခု တစ်လစာ ပြန်ပေးပေမဲ့ အခြေအနေက စိတ်မချရသေးပါဘူး ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်အတွင်း ART ဆေး ပုံမှန်မှီဝဲနေရသူ ဦးရေ ၂ သောင်း ၈ ထောင်နီးပါး ရှိနေပြီး ဒေသတွင်း တိုက်ပွဲများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြားမှ ဆေးဝါး ရေရှည် ပုံမှန်ရရှိနိုင်ရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ – Crd