စစ်ကိုင်းတွင် စစ်အုပ်စု ဗုံးကြဲ၍ ထိခိုက်သေဆုံးမှုရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။

စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်များ နေထိုင်ရာ ကျေးရွာများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို စစ်အုပ်စုတပ်က လေကြောင်းမှ ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေ၍ ကလေးငယ်များနှင့် သီလရှင် ၁ ပါး အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

စက်တင်ဘာလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာရှိ စစ်ဘေး ရှောင်များ ရှိရာနေရာကို စစ်အုပ်စုက တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်ကြိမ် ကြဲချခဲ့ရာ အမျိုးသား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်။

ကောလင်း ဒေသခံတစ်ဦးက “ဖိုက်တာနဲ့ ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ ကြဲသွားတာ။ ညနေပိုင်းမှာ ဗုံးကြဲခံရ တော့ ပြည်သူတွေ အကုန် ထိတ်လန့်ပြီး ရွာထဲမှာ မနေရဲကြတော့ဘဲ အမှောင်ထဲမှာတင် နီးစပ်ရာ တောတောင် တွေဆီ တိမ်းရှောင်ခဲ့ကြရတယ်” ဟု ပြောသည်။

ထို့ပြင် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းရှိ ဆီကား တန်းနှင့် ဆီဆိုင်များကို စစ်အုပ်စုက Y-12 လေယာဉ်ဖြင့် ဗုံး ၁၈ လုံး ကြဲချခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် တစ်ဦး သေဆုံးပြီး ကုန်သည် ၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် တံခွန်တိုင်ရွာသစ်နှင့် ကသာမြို့နယ် ညောင်ခြေထောက် ဘုန်းကြီးကျောင်းတို့အား ဆက် တိုက် ဗုံးကြဲခဲ့သဖြင့် သီလရှင် ၁ ပါး ပွဲချင်းပြီး ပျံလွန်တော်မူသွားသည်။

အင်းတော် ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ တော်လှန်ရေးတပ်တွေ မရှိဘဲနဲ့ စစ်အုပ်စုက ဆီဆိုင်တွေနဲ့ ကားလမ်းမကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသွားတာ။ ဆီကားတချို့ မီးလောင် ပျက်စီးခဲ့ရသလို ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေ အများကြီး ပါနေတယ်” ဟု ပြောသည်။

အလားတူ ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့် စစ်တပ်လက်အောက်ခံ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) တို့ စစ်ရေးတင်းမာနေပြီးနောက် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ကို စစ်အုပ်စုက Gyrocopter ၂ စီးဖြင့် ဗုံး ၄ လုံး ကြဲချခဲ့သည်။

စစ်အုပ်စုတပ်သည် ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် ရှမ်းမြောက် မဘိမ်းမြို့နယ်တို့တွင် စစ်ရေးအထိနာချိန်တိုင်း အရပ်သား ပစ်မှတ်များကို ဦးတည်၍ လေကြောင်းဆိုင်ရာ စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေခြင်း ဖြစ်သည်။

အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်အုပ်စု၏ အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်မှုကို ပြင်း ထန်စွာ ပြန်လည်တိုက်ခိုက်သွားမည်ဟု စက်တင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပြီး၊ စစ်ကိုင်း တိုင်းအတွင်းရှိ တော်လှန်ရေး အင်အားစုများကလည်း ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြရန် အသိပေး နှိုးဆော်ထားသည်။