ရခိုင်ပြည် မြို့တော်အနီး နေရာ ၄ ခုတွင် တိုက်ပွဲများ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
ရခိုင်ပြည်၊ စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်အစပ်ရှိ နေရာ ၄ ခုတွင် စစ်အုပ်စုတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ သော်လည်း တပ်လန်ကာ အထိအခိုက် အကျအဆုံး များစွာဖြင့် ပြန်လည် ဆုတ်ခွာနေရကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များနှင့် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်စပ်/အနီးတစ်ဝိုက်ရှိ ဝါဘို၊ အောင်ဇေယျ၊ ခမောင်းတောနှင့် ကွန်းတောင် ကျေးရွာများတွင် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်အုပ်စုတပ် ဘက်မှ အထိအခိုက် အကျအဆုံး များပြားကာ စစ်မျက်နှာအသစ်၌ ထပ်မံ ရှုံးနိမ့်နေခြင်းဖြစ်သည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက “စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်စပ်က နေရာတွေမှာ တိုက်ပွဲ တွေက လက်ရှိနိစ္စဓူဝ ဖြစ်နေတာပါ။ ဝါဘိုဘက်မှာ အေအေက စခန်းတွေပါ ရတယ်လို့ သိရတယ်။ စစ်တပ် ဘက်ကတော့ ထိုးစစ်ရှိနေတယ်၊ အကျအဆုံးများတာကြောင့် ထွက်ပြေးတာတွေ၊ ဖမ်းမိတာတွေ ရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ထဲက နေရာတစ်ခုခုကို စစ်တပ်က တပ်စွဲပြီး အထိုင်ချနေတာလို့တော့ မကြားသေးဘူး၊ ထွက်လိုက် ဝင်လိုက်ပဲ။ အေအေဘက်က မြစ်လက်တက်တွေကိုပါ ထိန်းထားတယ် ” ဟု ပြောသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာများအနီး၌ စစ်ရေး တင်းမာနေဆဲ ဖြစ်ပြီး ပစ်ခတ်မှုများနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
စစ်တွေမြို့ အခြေစိုက် စစ်အုပ်စုတပ်စခန်းများ၊ ဒေဝါလီ အမြောက်တပ်နှင့် ရေတပ်သင်္ဘောများက ပုဏ္ဏားကျွန်း နှင့် စစ်တွေနယ်စပ်ရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည့်အပြင် စစ်တွေ-ပုဏ္ဏားကျွန်း ပြည်ထောင်စု ကားလမ်းမကြီး အပါအဝင် ရေလမ်းကြောင်းများကိုလည်း လုံခြုံရေး အကြောင်းပြ ချက်ဖြင့် ဆက်လက် ပိတ်ဆို့ထားသည်။
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကျေးရွာ အများ စုမှ ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာ ပုဏ္ဏားကျွန်း အတွင်းပိုင်း ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရ သည်။
လက်ရှိတွင် နှစ်ဖက်တပ်များသည် အနည်းဆုံး စစ်မျက်နှာပြင် ၇ ခုထက်မနည်း၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး အချို့ စစ်မျက်နှာများတွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
စစ်တွေ-ပုဏ္ဏားကျွန်း မြို့အစပ် ၄ နေရာတွင် ထိုးစစ်ဆင်ခဲ့သည့် စစ်အုပ်စုတပ်သည် အထိအခိုက် အကျအဆုံး များစွာဖြင့် စစ်ရှုံးတပ်အဖြစ်သို့ ရောက်ရှိနေသည်ဟု အာရက္ခတပ်တော် (AA) က ဆိုသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်သုံ့ပန်းစခန်းနှင့် စစ်ဘေးရှောင်စခန်းများကို စစ်အုပ်စုတပ်က လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိတော့မည့် စစ်သုံ့ပန်းများ၊ မိသားစုဝင်များ နှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သား အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ လည်း ဖြစ်ပွားခဲ့သည်။
ဓါတ်ပုံ – ပုံဟောင်း (ULA/AA)