စစ်တပ်က ကပစ – ၁၆ အနီး အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်နေ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) အနီး တစ်ဝိုက်တွင် စစ်အုပ်စုတပ်က စစ်အင်အား ဖြည့်တင်းကာ ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စက်ရုံအနီးရှိ မသုန်ကျေးရွာ၊ ကျားခြေရာကျေးရွာနှင့် ကျောက်ဇကွဲကျေးရွာ အပါအဝင် ကျေးရွာများတွင် ကာကင်းစခန်း အသစ်အချို့ တည်ဆောက်ပြီး အောက်တိုဘာလ ၁၀ ရက်ဝန်းကျင်မှစ၍ စစ်အင်အားများ တိုးချဲ့ချထားခဲ့ခြင်း ဖြစ်သည်။
ပန်းတောင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “ကပစ ၁၆ ရဲ့ကာကင်းတွေက အနီးအနား ရွာတွေမှာ အရင်ကလည်းရှိတယ်။ အခု နှစ်ခုလောက် အသစ်တိုးလာတယ်။ မသုန်ရွာအပါအဝင် ကပစ (၁၆) အဝင်ဝတစ်လျှောက်မှာ စစ်ရေးပြင်ဆင်တာတွေ ရှိတယ်။ လက်ရှိ ကျောက်ဖူး ကပစ ၉ ဘက်ကလည်း အင်အားဖြည့်ထားတယ်။ ဒေသခံတွေကတော့ ကျောက်ရွံ့နေတယ် ရွာတွေပိတ်ဆို့တာတွေလဲရှိတယ်” ဟု ပြောသည်။
အဆိုပါ ကပစ (၁၆) သို့ ယခုအပတ်အတွင်း ကျောက်ဖူးမြို့နယ်ရှိ ကပစ (၉) မှ စစ်သည်များကို အင်အားဖြည့် တင်းပေးခဲ့ပြီး အခြားသော ကပစ တပ်ရင်းများနှင့် နီးစပ်ရာ တပ်များမှ အင်အားများကိုလည်း အပြန်အလှန် ပံ့ပိုးဖြည့်တင်းထားသည်။
ကပစ (၁၆) သည် စစ်အုပ်စု၏ အရေးပါသော လက်နက်နှင့် ခဲယမ်းထုတ်လုပ်ရေး စခန်းတစ်ခု ဖြစ်သည်။
အနီးဝန်းကျင်တွင် လုံခြုံရေး တပ်စခန်းများနှင့် ကင်းစခန်း အများအပြား ချထားသော်လည်း အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ ရှိနေပြီး တစ်ခါတရံ စက်ရုံအတွင်းပိုင်းအထိ လက်နက်ကြီးကျည် များ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်။
ထို့ပြင် စစ်အုပ်စုသည် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း မသုန်ရွာအပါအဝင် ကပစ (၁၆) အဝင်ဝ တစ်လျှောက်တွင် အင်အားအလုံးအရင်းဖြင့် ခံစစ်ပြင်ဆင်ထားသည့်အပြင် AA နှင့် တော်လှန်ရေး တပ်ဖွဲ့များ ချဉ်းကပ်လာပါက အဝေးမှ လှမ်းမြင်နိုင်ရန် မသုန်ရွာ ပတ်လည်ရှိ တောတောင်များကိုပါ မီးရှို့ရှင်းလင်းထား သည်ဟု ဆိုသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “လက်ရှိ ကပစ (၁၆)အနီးဝန်းကျင်မှာ အစစ်အဆေးတွေနဲ့ တော်တော် တင်းကျပ် နေတယ်။ အေအေထိုးစစ်လာတော့မယ် သိမ်းမယ်ဆိုတဲ့သတင်းတွေ ရှိတယ်။ တိုက်ပွဲအအကြီးမဟုတ်ပေမယ့် ပစ်ခတ်တာတွေရှိနေတယ်။ တချို့ရွာတွေကို အပြင်ထွက်ခွင့်ပိတ်ထားပြီ၊ မကြာခင်စစ်ဖြစ်လာနိုင်လို့ ဒေသခံ တွေက ပြေးချင်နေတာ။ သူတို့စက်ရုံထဲမှာလဲ တချို့ကို ပြောင်းရွှေ့နေတယ်လို့သိရတယ်” ဟု ပြောသည်။
အဆိုပါ ကပစ (၁၆) ကို ယခုနှစ် မေလကတည်းက AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော် လည်း အပြည့်အဝ သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့ က လာရောက် တိုက်ခိုက်ခြင်းများ ရှိခဲ့သည်။
ထို့ကြောင့် စက်ရုံအတွင်းရှိ စစ်အုပ်စုတပ် မိသားစုအချို့ကို အခြားနေရာသို့ ပြောင်းရွှေ့ထားပြီး လက်နက်ခဲယမ်း ထုတ်လုပ်မှုကို ခေတ္တ ရပ်တန့်ထားကာ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
ရခိုင်ရိုးမအောက်ခြေ၊ မသုန်ရွာအနီးရှိ ကပစ (၁၆) သည် ဗုံးသီးနှင့် ခဲယမ်း အမျိုးမျိုး ထုတ်လုပ်သည့် အဓိက ယမ်းချက်စက်ရုံ တစ်ရုံဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကလည်း အဆိုပါစက်ရုံအတွင်းသို့ AA ၏ လက်နက် ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ဖူးသည်။
အာရက္ခတပ်တော် (AA) သည် ရခိုင်-ပဲခူးတိုင်းအစပ်၊ တောင်ကုတ်-ပန်းတောင်းလမ်းပေါ်ရှိ စစ်အုပ်စု၏ အရေးပါသော ညောင်ကျိုးဗျူဟာစခန်းကုန်းကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။
ဓါတ်ပုံ – (ပဲခူးနှင့် ရခိုင်အစပ်ရှိ ပန်းတောင်း-တောင်ကုတ်လမ်း နယ်ခြားဆိုင်းဘုတ်အား တွေ့ရစဉ် / Crd)
#ကပစ၁၆ #ပန်းတောင်းမြို့နယ်