အင်းတော်တိုက်ပွဲတွင် စစ်အုပ်စု စစ်ကြောင်း အထိနာသဖြင့် စစ်ကူပါ ပြန်လှည့်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
စစ်ကိုင်းနှင့် ကချင်အစပ်ရှိ အင်းတော်မြို့နယ်ထဲက မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး တစ်စိတ် တစ်ပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စု စစ်ကြောင်းများ အထိနာနေသဖြင့် ဝန်းသိုနယ်ဘက်သို့ ရောက်ရှိနေသည့် စစ်ကြောင်းမှာပါ စစ်ကူအဖြစ် ပြန်လည်လှည့်လာရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယခုရက်ပိုင်းအတွင်း အင်းတော်မြို့နယ် ပြည်ထောင်စုလမ်းမအတိုင်း ထီးချိုင့်မြို့နယ်အစပ် ကျောင်းကုန်း လမ်း ဆုံကို ဦးတည်နေသည့် စစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် အပြင်းအထန် အထိနာနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဝန်းသိုမြို့နယ်ဘက်သို့ ရောက်ရှိနေသည့် စစ်ကြောင်းမှာလည်း ဝန်းသိုဘက်ကို ဆက်လက် ထိုးစစ် မဆင်နိုင်တော့ဘဲ အဆိုပါ အထိနာနေသည့် စစ်ကြောင်းကို ကူညီရန်အတွက် ပြန်လည် ဆုတ်ခွာလာရခြင်း ဖြစ်သည်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “စစ်ကြောင်းပြုတ်သွားပြီဆိုတာ အတည်ပြုနိုင်တာတော့ မရှိသေး ဘူး။ စစ်ကြောင်းကတော့ အထိနာနေတယ်လို့တော့ သိရတယ်။ ဝန်းသိုဘက်ကိုရောက်သွားတဲ့ စစ်ကြောင်း တောင်မှပဲ ဝန်းသိုကိုဆက်မထိုးနိုင်ပဲ ဒီစစ်ကြောင်းကိုကူဖို့ ပြန်လှည့်လာရတယ်လို့သိရတယ်” ဟု ပြောသည်။
အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ အင်အား ၇၀၀ ဝန်းကျင်ရှိသည့် စစ်အုပ်စု စစ်ကြောင်းသည် စစ်ကြောင်း နှစ်ကြောင်းခွဲကာ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား လမ်းမကြီးဘေးရှိ ကျေးရွာများကို ရွာစဉ်စစ်ကြောင်း ပတ် ထိုးနေခြင်း ဖြစ်သည်။
အောက်တိုဘာ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်ပတ်အတွင်း အဆိုပါစစ်ကြောင်း နှစ်ကြောင်းသည် အင်းတော် မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ခဲ့သည့်အပြင် ဝန်းသိုမြို့နယ်ရှိ နမ်းခမ်းမြို့နယ်ခွဲကိုပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့စွဲဖြင့် တရားဝင် ထုတ်ပြန်ထားခဲ့ ဖူးသည်။
လက်ရှိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အထိနာနေမှုနှင့် ပတ်သက်၍ နောက်ထပ် စစ်ရေးသတင်းရင်း မြစ် တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“စစ်ကြောင်းတစ်ကြောင်းလုံး မပြုတ်သေးဘူး။ ကိုယ့်ဘက်က အသာစီးရတာတော့ ဟုတ်တယ်ပေါ့လေနော်။ ခွေးတွေဘက်ကလည်း ပိတ်မိနေတယ်။ အကျအဆုံးတွေကလည်း များနေသေးတယ်။ ဒါပေမဲ့ အကုန် မကုန် သေးဘူးလေ။ တပ်စိတ် ၂ စိတ်ကျော်လောက်ကျန်နေသေးတယ်။ အဲ့တာကို ဆက်တိုက်နေသေးတယ်” ဟု ပြောသည်။
ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုဘက်တွင် ထိခိုက်သေဆုံးမှု များပြားနေပြီး သေဆုံးသူများအနက် စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခံထားရသည့် လူငယ်များလည်း အများအပြား ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘေးရှိ နန့်သဲရွာအတွင်း စစ်အုပ်စု တပ်သား ရုပ် အလောင်း ၄၀ ကျော် တွေ့ရှိခဲ့ရပြီး နန့်သဲကျေးရွာ မြောက်ဘက်၊ နောင်မိုးကျေးရွာ ဘုန်းကြီးကျောင်း တစ်ဝိုက် နှင့် သံဘိုကျေးရွာအနီး တစ်ဝိုက်တွင်လည်း ရုပ်အလောင်းများ ထပ်မံ တွေ့ရှိခဲ့ရကြောင်း ဒေသခံများက အတည် ပြု ပြောဆိုသည်။
မြေပြင်စစ်ရေးအခြေအနေအရ စစ်အုပ်စုသည် ကျေးရွာများအတွင်း ဝင်ရောက်ပြီးနောက် ဝန်းသိုနှင့် ကျောင်း ကုန်းဘက်သို့ စစ်ကြောင်းဆက်လက် ထိုးနေသော်လည်း ဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် တပ်စွဲထားနိုင်ခြင်း မရှိဘဲ လမ်းကြောင်း တစ်လျှောက်ကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
အင်းတော်မြို့နယ်အတွင်း မဲဇာနှင့် ကျောင်းကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည်မှာ ကြာမြင့်နေပြီ ဖြစ် သော်လည်း ကျောင်းကုန်းအထိ ရောက်ရှိနိုင်ခြင်း မရှိသေးဘဲ လမ်းတစ်လျှောက် တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးမှုများ ရှိနေကာ တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း စစ်သားအချို့ကို ဖမ်းဆီးရမိထားသည်။
ဓာတ်ပုံ – (အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် စွန့်ပစ်ခံထားရသည့် စစ်အုပ်စု တပ်ဖွဲ့ဝင် များ၏ ရုပ်အလောင်း အချို့ကို တွေ့ရစဉ်။ / CJ – ပေးပို့)