ကျောက်ဖြူ တောင်မော်ဦးရေတပ်အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ရှိ စစ်အုပ်စု၏ တောင်မော်ဦးရေတပ် အနီးတစ်ဝိုက်တွင် အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
စစ်အုပ်စုသည် ကျောက်ဖြူမြို့ပေါ်မှ တောင်မော်ဦးရေတပ်ထံသို့ စစ်သင်္ဘောများဖြင့် အင်အားများ ဖြည့်တင်း နေပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အဝတောင်ကျေးရွာ ဝန်းကျင်သို့ စစ်ကြောင်းများ စေလွှတ် လျက်ရှိရာမှ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
လက်ရှိတွင် ကျောက်ဖြူမြို့ပေါ် တပ်ရင်းများမှလည်း အဝတောင်ကျေးရွာအနီးသို့ အင်အားအမြောက်အမြား ထပ်မံဖြည့်တင်းကာ အာရက္ခတပ်တော်၏ ထိုးစစ်ကို ဆက်လက် ခုခံလျက်ရှိသည်။
“စစ်တပ်က အခု ကျောက်ဖြူမှာ အင်အားတွေဖြည့် စစ်ကြောင်းထိုးနေတယ်။ အ၀တောင်ရွာ အနီးဝန်းကျင်က ကာကင်းစခန်းတွေ အေအေက ထပ်ထိန်းချုပ်နေတော့ အ၀တောင်နားမှာပါပဲ တိုက်ပွဲက ရှိနေသေးတယ်။ စနဲ လမ်းပိုင်း ထိန်းချုပ်တာ မအောင်မြင်ဖြစ်တော့ စစ်ကြောင်းတွေဖြန့်ထိုးနေတယ်၊ လေယာဉ်နဲ့လည်း အဝတောင် အနီးတဝိုက် တိုက်ခိုက်တာတွေရှိတယ်လို့ သိရပါတယ်” ဟု ဒေသခံ စစ်ရေးသတင်း အရင်းအမြစ် အမျိုးသား တစ်ဦးက ပြောသည်။
တောင်မော်ဦး ရေတပ်စခန်းသည် ကျောက်ဖြူရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး ရေတပ် ဌာနချုပ် ဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ်အတွက် ရှေ့တန်းကာစစ် စခန်းလည်း ဖြစ်သည်။
အဝတောင်ကျေးရွာအနီးရှိ စစ်အုပ်စု၏ ကာကင်းစခန်းလေးခုခန့်ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ် ထားပြီး ဖြစ်ကာ စစ်အုပ်စုဘက်က စစ်ကြောင်းများ ထိုးကာ တိုက်ခိုက်နေသော်လည်း အာရက္ခတပ်တော်၏ တန်ပြန်ထိုးစစ်များကြောင့် စခန်းများ ထပ်မံ ကျဆုံးမှုများ ရှိနေသည်။
ကျောက်ဖြူမြို့နယ်တွင် အောက်တိုဘာလ ဒုတိယအပတ်အတွင်း တိုက်ပွဲများ ခေတ္တ ငြိမ်သက်နေခဲ့ရာမှ အောက် တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်အုပ်စုက တိုက်လေယာဉ်များ၊ ထောက်ပို့လေယာဉ် (Y-12) များ အသုံးပြုကာ အပြင်း အထန် တိုက်ခိုက်နေသလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် လျက်ရှိသည်။
ဒေသခံ ပရဟိတသမား တစ်ဦးက “တိုက်ပွဲပြင်းထန်နေတယ်၊ တောင်မော်ဦး အနားအထိ အေအေက စစ်မြူ နေတယ်။ တက်လိုက်ပြန်ဆုတ်လိုက် အဝတောင်အနားမှာ စစ်တပ်ကျတာရှိတယ်။ ဒီရက်ထဲမှာလည်း သုံ့ပန်း တွေရတာ ရှိတယ်။ နောက်ထပ် ကျောက်ဖြူမြို့နယ်အတွင်း ကြောင်ခိုးချောင်းပတ်ဝန်းကျင်မှာလည်း တိုက်ပွဲ တွေ ဖြစ်နေတယ်။ စစ်အင်အားက ရန်ကုန်ကနေ သင်္ဘောကြီးတွေနဲ့ ကျောက်ဖြူကို တိုက်ရိုက်ဖြည့်တယ်။ စစ်တွေက မလာတော့ဘူး” ဟု ပြောသည်။
စစ်အုပ်စုသည် အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှတစ်ဆင့် ကျောက်ဖြူမြို့သို့ တိုက်ရိုက် စစ်အင်အားများ ဖြည့်တင်းလျက်ရှိပြီး လက်ရှိတွင် သင်္ဘော သုံးခေါက်ဖြင့် အင်အား ၂၀၀ ခန့် ဖြည့်တင်းထားသည်။
လက်ရှိ တောင်မော်ဦးရေတပ် ဝန်းကျင်နှင့် အဝတောင်အနီး တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင် အချို့နှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော်က သိမ်းဆည်းရမိထားသည်။
ဓာတ်ပုံ – (ကျောက်ဖြူမြို့နယ် တည်နေရာပြ မြေပုံ /Credit to Original Uploader)