မလေးပြန်ရခိုင်ဒေသခံအချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
မလေးရှားနိုင်ငံမှ ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ဒေသခံများကို စစ်အုပ်စုက ရက်ပေါင်းများစွာ ထိန်းသိမ်းထားရာမှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အချို့ကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်ရှိနေသေးသူများမှာမူ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဆက်ထိန်းသိမ်းခံနေ ရဆဲဖြစ်ကြောင်း မိသားစုဝင်များနှင့် တာဝန်ရှိသူများက ပြောသည်။
မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးအနက် ရခိုင်ပြည်ဒေသခံ ၄၀၀ ကျော်ကို ရန်ကုန်မြို့ရှိ ယာယီထိန်းသိမ်းရေးစခန်းများတွင် စစ်အုပ်စုက ၂၄ ရက်အကြာ ဆက်လက် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မလေးရှားလွှတ်တော်အတွင်း တုံ့ပြန်မှုများနှင့် သတင်းဌာနများ၏ ဖော်ပြချက်များ ထွက်ပေါ်လာ ပြီးနောက် အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းမှစ၍ မှတ်ပုံတင်နှင့် အချက်အလက်များ တောင်းခံကာ မိသားစုဝင်များ သို့မဟုတ် အသိမိတ်ဆွေများ၏ အာမခံချက်ဖြင့် အချို့ကို ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုသို့လွှတ်ပေးရာတွင် လာရောက်ထုတ်ယူမည့် မိသားစုဝင်မရှိသူများ၊ အဆက်အသွယ် မရရှိသေးသူ များနှင့် အာမခံပေးမည့်သူ မရှိသေးသူများအတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို ရှင်းလင်းစွာ မသိရ သေးဘဲ အချို့မှာ ငွေကြေးပေးဆောင်ရမည့် အခြေအနေများနှင့်ပါ ရင်ဆိုင်နေရကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။
ရန်ကုန်မြို့၊ သာကေတမြို့နယ်မှ ရခိုင်အမျိုးသမီးတစ်ဦးက “လွှတ်ပေးတာတွေ လုပ်နေပါတယ် မှန်ပါတယ်၊ တချို့လွှတ်ပေးတယ်၊ တချို့ဘယ်မှာမှန်းမသိ။ စစ်တပ်ကလည်း လူအသိမခံချင်ဘူး။ အဲ့တော့ လာထုတ်တဲ့ ရခိုင်တွေကလည်း အသိခံချင်ရင် ပြန်ဖမ်းတာ၊ ငွေတောင်းတာတွေ လုပ်ဖို့ကြောက်တယ်။ နောက်တစ်ခုက ဆွေမျိုးတော်စပ်သူတွေ လာထုတ်ဆိုတော့ အထောက်အထားနဲ့ ပြန်ထုတ်ရတာလေ။ အဲ့တော့ ဆွေမျိုး မရှိတဲ့ သူ၊ အာမခံသူမရှိသူတွေ ဘယ်လိုလုပ်ရမလဲ ဆိုတာ ညှိနေတယ်၊ သေချာတယ် ငွေတော့ပေးရတော့မယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သည့် ရခိုင်ပြည်မြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးကလည်း လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“အကုန်လုံး လွတ်ပေးတယ်ဆိုတာ ဘယ်သူပြောတာလဲ၊ အာမခံနိုင်လား။ အခုအဆက်အသွယ် မရသေးတာရယ်၊ မိသားစုတွေက ရခိုင်မှာရောက်နေလို့ မလာနိုင်လို့ ထုတ်လို့မရတာတွေရှိတယ်။ သူတို့ထိန်းသိမ်းထားတဲ့နေရာကို ဝင်ပြီးစုံစမ်းလို့ရလား၊ ပြောနေတာတွေနဲ့ လက်တွေ့လိုက်လုပ်နေရတာ ကွာခြားနေတယ်။ သိရသလောက် အများကြီးကျန်သေးတယ်။ ကျနော့်ဆွေမျိုးတစ်ယောက် ထုတ်လို့မရသေးဘူး။ ကျနော့်မိန်းမရဲ့ ဦးလေးလည်း လှိုင်သာယာမှာ သွားရှာတာ လူများနေတယ်၊ နောက်နေ့မှလာလို့ ပြန်လွှတ်တယ်။ ကိုယ့်ဆွေမျိုးတွေ လွတ်လာ တိုင်း အားလုံးလွတ်ပြီမပြောပါနဲ့။”
စစ်အုပ်စုတပ်ဘက်က အလုပ်အကိုင်များ ရှာဖွေပေးမည်ဟုဆိုကာ ဆက်လက်ထိန်းသိမ်းထားခဲ့သော်လည်း ယခုကဲ့သို့ မိသားစုဝင်များ ကိုယ်တိုင် သွားရောက်ခေါ်ဆောင်မှသာ ပြန်လွှတ်ပေးနေသည့်အပေါ် မိသားစု ဝင်များနှင့် တော်လှန်ရေးအင်အားစုများဘက်က မေးခွန်းထုတ်စရာများ ဖြစ်ပေါ်နေလျက် ရှိသည်။
ထို့ပြင် အဆိုပါ ရခိုင်အမျိုးသားက “ရခိုင်လူမျိုးမို့လို့ အစကတည်းက မလွှတ်ချင်လို့ တမင်ဖမ်းထားတာ။ အခု အများကြီး ကျန်နေသေးသလို အာမခံထုတ်ပေးမယ့်သူ မရှိရင် မထွက်ရတော့ဘူးလား၊ သူတို့ဆီ ဘယ်လို ဆက် သွယ်ရမယ်ဆိုတာ မသိသလို ဆွေမျိုးတွေ မရှိရင် မထွက်ရတော့ဘူးလား” ဟု ဆက်ပြောသည်။
ရန်ကုန်မြို့ရှိ လှိုင်သာယာ (အနောက်) မြို့နယ်ခန်းမနှင့် သန်လျင်မြို့နယ် သာသနာ့ဗိမ္မာန်တို့တွင် ထိန်းသိမ်းခံ ထားရသော ရခိုင်ဒေသခံများမှာ စစ်တွေ၊ ရသေ့တောင်၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ဘူးသီးတောင်၊ မောင်တောအပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း စသည့် မြို့နယ်များစွာမှ ဖြစ်ကြပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ တင်းကျပ်သော စောင့်ကြည့်မှု အောက်တွင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က မလေးရှားမှ နေရပ်ပြန်ပို့ခံရသူများအနက် ၃၀၀ ခန့်မှာ ရန်ကုန်မြို့ရှိ စစ်ဘက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ဖမ်းဆီးခံထားရဆဲဟူသော သတင်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံထံမှ ရှင်းလင်းချက် တောင်းခံသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ရခိုင်လူမျိုးအချို့ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၄ ရက်နေ့ကတည်းက ပြန်လည်ရောက်ရှိလာခဲ့ကြသည့် ရခိုင်ဒေသခံ ၄၂၉ ဦးအနက် လက်ရှိအချိန်အထိ လွတ်မြောက်လာသူမှာ တစ်ရာပင်မပြည့်သေးဘဲ အများစုမှာ အဆက် အသွယ် ပြတ်တောက်နေဆဲဖြစ်သည်။
ဓါတ်ပုံ – (မလေးရှားမှ ပြန်လာသည့် ရခိုင်တိုင်းရင်းများအား တွေ့ရစဉ်။ / Credit to Original uploader)