ကောလင်း၌ NUG ဆေးရုံ ဗုံးကြဲခံရ၍ CDM ဆရာဝန်ကြီး အပါအဝင် ၅ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း၊ လျှော်ဖြူကုန်းကျေးရွာရှိ ဒေသခံပြည်သူများ အဓိက အားကိုး အားထားပြုနေရသည့် ဆေးရုံကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် CDM ဆရာဝန်ကြီး တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးသေဆုံးပြီး လူနာများလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆေးရုံကို စစ်အုပ်စုတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ် ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် CDM ဆရာဝန်ကြီး ဒေါက်တာဇာနည်ထွန်း အပါအဝင် ကျန်းမာ ရေးဝန်ထမ်း ၅ ဦး သေဆုံးကာ လူနာအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများနှင့် Kawlin Revolution (KR) က ထုတ်ပြန်ထားသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “လျှော်ဖြူကုန်းရွာမှာ ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုတပ်က မြေပြင် တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ ည ၇ နာရီဝန်းကျင်မှာ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေါက်တာ ဇာနည်ထွန်း (ခ) ပွကြီး အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးခဲ့ရသလို၊ ဆေးရုံမှာ ဆေးကု သမှု ခံယူနေကြတဲ့ အရပ်သား ပြည်သူ ၅ ဦးထက်မနည်းလည်း ဒဏ်ရာရတာရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်၊ ည ၇ နာရီဝန်းကျင်တွင် ကောလင်းမြို့နယ်၊ ပေပင်ချောင်နှင့် လျှော်ဖြူကုန်း ကျေးရွာကြား၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးအနီးရှိ အဆိုပါ ဆေးရုံကို စစ်အုပ်စုတပ်က တိုက်လေယာဉ် ဖြင့် တိုက်ရိုက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆရာဝန်ကြီး ဒေါက်တာဇာနည်ထွန်းနှင့် အကူသူနာပြု ၄ ဦး၊ စုစုပေါင်း ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည့်အပြင် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေသည့် အရပ်သားလူနာ အများအပြားလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

အရပ်သား ဆေးရုံကို ပစ်မှတ်ထား ဗုံးကြဲခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကောလင်းနယ်ခံတစ်ဦးက “ဒီနေရာက စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေတဲ့ သာမန် ဆေးရုံ သက်သက်ပါပဲ။ စစ်စခန်းတို့ ဘာတို့ဆိုတာ လုံးဝ မဟုတ်ပါဘူးဗျာ။ ဒီစစ်ခွေးတွေက တမင်ကို ပစ်တာ။ အရပ်သားဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်တာ။ ပြီးရင် သိတဲ့အတိုင်း အပြစ်လွတ်အောင် PDF တွေရှိလို့ ဗုံးကြဲတာ တိုက်တာ၊ PDF စခန်းကို တိုက်လိုက်တာ ဆိုပြီးလျှောက်ပြီး ဝါဒဖြန့်တာ။ ဒါက သူတို့ အမြဲလုပ်နေကျပဲ” ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ထီးချိုင့်ဘက်မှတစ်ဆင့် ကောလင်းနယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက် ရန် ကြိုးပမ်းလျက်ရှိပြီး ကောလင်း၊ ဝန်းသို၊ အင်းတော်၊ မော်လူး၊ ထီးချိုင့်နှင့် ပင်လည်ဘူးမြို့နယ်များအတွင်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသခံပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ်ကို သတိပြုကြရန် နှိုးဆော်ထားသည်။

စစ်အုပ်စုတပ်သည် နိုင်ငံတစ်ဝန်းရှိ ဆေးရုံဆေးခန်းများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား ဗုံးကြဲလျက်ရှိ ရာ၊ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန (MOHR) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ၅ နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူ နေထိုင်ရာ နေရာများကို လေကြောင်းမှ ဗုံးကြဲမှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သား ၅,၈၄၆ ဦး သေဆုံးခဲ့ကာ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်း အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – (စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာရှိ မြင်ကွင်း – ပုံဟောင်း / Kawlin Info)