ပလက်ဝသို့ မြိုတိုင်းရင်းသား စစ်ရှောင် ၄၀၀ ကျော် ဝင်ရောက်လာပြီး အကူအညီ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝမြို့နယ်အတွင်းသို့ ရခိုင်မြောက်ပိုင်းမှ မြိုတိုင်း ရင်းသား ၄၀၀ ကျော် အုပ်စုလိုက် စစ်ဘေးရှောင် ဝင်ရောက်လာနေပြီး အကူအညီပေးမည့်သူ မရှိသဖြင့် စားဝတ် နေရေး ကျပ်တည်းနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ မြိုတိုင်းရင်းသားများသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်များအတွင်း တိုက်ပွဲများနှင့် စစ်အုပ်စုတပ်၏ လေကြောင်းမှ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာကာ စိုင်းတင်တောင်ကြော လမ်းကြောင်းအတိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ပီချောင်းဆုံ၊ ကုလားတန်မြစ်ကမ်းနားနှင့် ဆီမီးမြို့များသို့ ခြေလျင်နှင့် စက်လှေများဖြင့် ခိုလှုံလာကြခြင်းဖြစ်သည်။

ပလက်ဝဒေသခံ ချင်းတိုင်းရင်းသားတစ်ဦးက “စစ်အုပ်စုတပ်ရဲ့ လေကြောင်း ဗုံးကြဲမှုတွေနဲ့ နယ်မြေ မတည်ငြိမ် တာတွေကြောင့် ရောက်လာကြတာပါ။ အခုလပိုင်းမှာ စက်လှေတွေရော ခြေလျင်နဲ့ပါ ရောက်လာကြတဲ့ မိသား စုတွေ များတယ်။ အဖွဲ့အစည်းတချို့က စာရင်းကောက်မယ်လို့တော့ ပြောကြတယ်။ သူတို့မှာ ဆေးဝါးကုသဖို့ ခက်ခဲသလို စကားလည်း နည်းကြတယ်” ဟု ပြောသည်။

စစ်ဘေးရှောင် မြိုတိုင်းရင်းသားများသည် ဒေသတွင်း သွားလာလှုပ်ရှားနေသည့် လက်နက်ကိုင်များကို စိုးရိမ် သဖြင့် ညအချိန်များတွင် အိမ်နီးနားချင်းများကိုပင် အသိမပေးဘဲ တဖြည်းဖြည်း တိမ်းရှောင်လာကြရခြင်း ဖြစ်ကာ အချို့မှာ ခရီးလမ်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကလေးမွေးဖွားခဲ့ရသည်အထိ ခရီးပန်းခဲ့ကြရ သည်။

လက်ရှိတွင် ၎င်းတို့အတွက် မည်သည့်အဖွဲ့အစည်းကမျှ ကူညီထောက်ပံ့မှု မရရှိသေးဘဲ ဒေသခံများ၏ အကူအညီဖြင့်သာ ဖြစ်သလို နေထိုင်နေရကြောင်း ပလက်ဝမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“နေထိုင်ရေး အရမ်းခက်ခဲနေတယ်။ ပီချောင်းဆုံမှာ အရင်ရောက်နေတဲ့ သူတို့အချင်းချင်း ချိတ်ဆက်နေကြ ရတုန်းပဲ။ တချို့ဆို ခရီးပန်းလာတဲ့အပြင် စားစရာလည်း မရှိကြဘူး။ သူတို့ကို ထိရောက်စွာ ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ အရေးပေါ် လိုအပ်နေတယ်။”

လက်ရှိ ပလက်ဝဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် အခြေခံ စားသောက်ကုန်များ ဝယ်ယူရန်ပင် ခက်ခဲနေပြီး စစ်ဘေးရှောင် မြိုတိုင်းရင်းသားများအတွက် အရေးပေါ် ရိက္ခာ၊ ဆေးဝါးနှင့် ငွေကြေး ထောက်ပံ့မှု များ ရရှိရန် ဒေသခံများက လိုလားနေကြသည်။

ပုံစာ – ရခိုင်စစ်ဘေးရှောင် ပြည်သူအချို့။ / (ဓာတ်ပုံ – AFP)

#ပလက်ဝမြို့နယ်