ချင်းပြည် မင်းတပ်မြို့နယ်အတွင်း စစ်တပ်၏ ဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများနှင့် ကားလမ်းဘေး နေရာများကို စစ်အုပ်စုတပ်က ညသန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ် သားနှစ်ဦး သေဆုံးကာ မိခင်နှင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်မှစတင်၍ စစ်အုပ်စုတပ်၏ ဂျက်တိုက်လေယာဉ် နှစ်စီးသည် မင်းတပ် မြို့နယ် တိုက်နယ် (၁၂) အတွင်းရှိ ဘောင်ကျေးရွာ (ရွာသစ်) နှင့် မင်းတပ်-မတူပီ ကားလမ်းမဘေးရှိ ၂၂ မိုင်၊ ၂၃ မိုင် နေရာများသို့ လေးကြိမ်တိုင်တိုင် ဗုံးသီး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မင်းတပ် ဒေသခံအမျိုးသားတစ်ဦးက “ညသန်းခေါင်ကြီး လူတွေအိပ်မောကျနေတဲ့အချိန် ရုတ်တရက် ဂျက်ဖိုက် တာနှစ်စီးက တောက်လျှောက် ဗုံးလာကြဲသွားတာပါ။ တိုက်ပွဲဖြစ်နေတာလည်း မရှိဘဲနဲ့ ၂၃ မိုင်၊ ၂၂ မိုင်နဲ့ ဘောင် ရွာထဲကို စိတ်ရှိတိုင်း ကြဲချသွားတော့ အိမ်ထဲမှာ ရှိနေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ယောက်နဲ့ လူလတ်ပိုင်း တစ်ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ ၂၃ မိုင်မှာဆိုရင် မိသားစုလိုက် ထိသွားလို့ မအေရော ကလေးတွေပါ ဒဏ်ရာရကုန်တယ်” ဟု ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောင်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးနိုင်းမာန်နှင့် ၂၃ မိုင်မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ထို့ပြင် ၂၃ မိုင်ရှိ နေအိမ်တစ်အိမ်မှ မိခင်ဖြစ်သူနှင့် ကလေးငယ် နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သကဲ့သို့ ဘောင် ကျေးရွာမှ ဦးမာန်လိန်းမှာလည်း ဗုံးသီးပေါက်ကွဲမှု လှိုင်းရိုက်ခတ်သည့် ဒဏ်ကြောင့် ရင်ဘတ်အောင့် ဒဏ်ရာ ရရှိခဲ့သည်။
ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဘောင်ကျေးရွာ (ရွာသစ်) ရှိ ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ နတလ အဆောင်နှင့် စာသင်ကျောင်းတို့အပြင် ကျေးရွာနှင့် လမ်းဘေးဝဲယာရှိ အရပ်သား နေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ရသည်။
“ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေပါ အကုန်ပျက်စီးကုန်ပြီ။ မြေပြင်မှာ ထိုးစစ်ဆင်လို့ မရတိုင်း တိုက်ပွဲ မရှိတဲ့ ရွာတွေကို လေယာဉ်နဲ့ အကြောင်းမဲ့ လာဗုံးကြဲနေတော့ ဒေသခံတွေအတွက် ဘယ်နေရာမှာမှ လုံခြုံမှု မရှိတော့သလို ဖြစ်နေပြီ” ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။
အလားတူ ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခန့်ကလည်း တံတားဦးလေတပ်မှ တက်လာသည့် စစ်အုပ်စု တပ်၏ ဂျက်တိုက်လေယာဉ် တစ်စီးသည် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးနယ်အတွင်းသို့ ဗုံးနှစ်ကြိမ် ကြဲချတိုက် ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို ပြန်လည်ရရှိရန် စစ်အုပ်စုတပ်သည် ယခုနှစ် မေလမှစတင်ကာ မြေပြင်စစ်ကြောင်း များဖြင့် အလုံးအရင်း ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
သို့သော် ခြောက်လကျော်ကြာ ထိုးစစ်အတွင်း စစ်အုပ်စုတပ်များ အထိနာနေခဲ့သည်။ ထို့နောက်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက် အအုံများကိုပါ ပစ်မှတ်ထား၍ လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်ကလည်း ဘောင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသလို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း မင်းတပ်-မတူပီ လမ်းပိုင်းရှိ ၂၂ မိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။
ပုံစာ – မင်းတပ်မြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် အဆောက်အအုံကို တွေ့ရစဉ်။ / ဓာတ်ပုံ – Hkl Mindat)