အမေရိကန်လေကြောင်းခရီးစဉ်များ နာရီပေါင်းများစွာ ရပ်ဆိုင်းခဲ့ရပြီး ခရီးသည် ၁ ဒသမ ၅ သန်းခန့် သောင်တင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။
ဆက်သွယ်ရေးစနစ် ပြတ်တောက်မှုကြောင့် အမေရိကန်ပြည်ထောင်စုတစ်ဝန်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို နာရီပေါင်းများစွာ ယာယီရပ်ဆိုင်းထားခဲ့ရာမှ အမေရိကန် ပြည်ထောင်စု လေကြောင်းဦးစီးဌာန (FAA) က ပြန်လည်ပျံသန်းခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း ခရီးစဉ် နှောင့်နှေးမှုနှင့် ဖျက်သိမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
လေကြောင်းအချက်အလက် စောင့်ကြည့်ရေးအဖွဲ့များဖြစ်သည့် Cirium နှင့် FlightAware တို့၏ စာရင်းများအရ သောကြာနေ့ (နိုဝင်ဘာလ ၁၃ ရက်) က လေးနာရီကျော်ကြာ လေယာဉ်ထွက်ခွာခွင့် ပိတ်ပင်ခဲ့မှုကြောင့် အမေရိကန် ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်ပေါင်း ၇,၇၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၈,၀၀၀ ကျော် နှောင့်နှေးခဲ့ကာ ခရီးသည် ၁ ဒသမ ၅ သန်းခန့် လေဆိပ်များတွင် သောင်တင်ခဲ့ရသည်။
လေကြောင်းလိုင်းများအနေဖြင့် ပိတ်မိနေသည့် လေယာဉ်များနှင့် လေယာဉ်အမှုထမ်းများ၏ အချိန်ဇယားများကို ပြန်လည်စီစဉ်နေရသည့်အတွက် စနေနေ့အတွက်လည်း ခရီးစဉ်ပေါင်း ၂,၀၀၀ ကျော်ကို ဖျက်သိမ်းထားရပြီး ခရီးစဉ် ၃၀၀ ကျော် နှောင့်နှေးဖွယ် ရှိနေသည်။
အဆိုပါပြဿနာသည် ခေတ်နောက်ကျနေပြီဖြစ်သည့် လေကြောင်းထိန်းသိမ်းရေး နည်းပညာနှင့် ဝန်ပိနေသော ဆက်သွယ်ရေး ရောက်တာ (Routers) များကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင် ဒဖ်ဖီ (Sean Duffy) က ပြောကြားသည်။
ယင်းစနစ်ကို အဆင့်မြှင့်တင်ရန် အမေရိကန်လွှတ်တော်က ရန်ပုံငွေ ချမပေးမချင်း အလားတူ ဖြစ်ရပ်မျိုးများ ထပ်မံဖြစ်ပွားနေဦးမည် ဖြစ်ကြောင်းလည်း ၎င်းက သတိပေးပြောဆိုခဲ့သည်။
လေကြောင်းခရီးစဉ်များ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်အတိုင်းအတာတစ်ခုအထိ ယူရဦးမည် ဖြစ်သော်လည်း လာမည့် သီတင်းနှစ်ပတ်အတွင်း ကျရောက်မည့် ကျေးဇူးတော်ချီးမွမ်းပွဲ (Thanksgiving) အားလပ်ရက် ခရီးသွားလာမှုများကိုမူ ထိခိုက်နိုင်ခြေ မရှိကြောင်း ဝန်ကြီးက ဆိုသည်။
ထို့အပြင် ယခုဖြစ်စဉ်သည် အမေရိကန်ပြည်ထောင်စုအပေါ် လုံခြုံရေး ခြိမ်းခြောက်မှုကြောင့် ဖြစ်ပွားခြင်း မဟုတ်သကဲ့သို့ ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် မိုက်ခရိုဆော့ဖ် (Microsoft) စနစ် ပြတ်တောက်မှုနှင့်လည်း ဆက်စပ်မှု မရှိကြောင်း အမိမြေလုံခြုံရေးဝန်ကြီး မာ့ခ်ဝိန်း မူလင် (Markwayne Mullin) က အတည်ပြု ပြောကြားထားသည်။