နိုင်ငံတကာ ထွက်ပေါက်ရှာနေသော်လည်း စစ်အုပ်စုအတွက် တရားဝင်မှု အလှမ်းဝေးနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။
စစ်အုပ်စုအနေဖြင့် တရုတ်နိုင်ငံ၏ ဖိအားများကို ရှောင်လွှဲရန် ရုရှား၊ ဘယ်လာရုစ်နှင့် အာဆီယံနိုင်ငံများထံ ချဉ်း ကပ်ကာ နိုင်ငံတကာ ထွက်ပေါက်ရှာနေသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ တရားဝင်မှု ရရှိရေး မှာ လက်တွေ့မကျဘဲ ဆက်လက် အလှမ်းဝေးနေဆဲဖြစ်ကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရေး လေ့လာသုံးသပ်သူများက ပြောသည်။
တရုတ်နိုင်ငံက တစိုက်မတ်မတ် ပြောဆိုနေသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စစ်အုပ်စုအနေဖြင့် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောဆိုသည်။
ဒေါက်တာလှကျော်ဇောက “တရုတ်ကသိပေမယ့် မြွေမသေတုတ်မကျိုးပေါ့၊ စစ်တပ်လည်း အလုံးအထည် မပျက် တော်လှန်ရေးသမားတွေလည်း အနေချောင်အောင်၊ ဒါမျိုးတွေ ဝင်ပြောတာ၊ စစ်တပ်ကလည်း ဒါကို လက်မခံတာ၊ တရုတ်ဒီလိုပြောတာကို လက်မခံတာ။ ဒါကြောင့် ရုရှားကပ်ကြည့်လိုက်၊ အခုဘယ်လာရုစ်ကို သွားလိုက် အမေရိကန်ကို ဆွယ်လိုက်နဲ့ အာဆီယံကလူတွေကို ဖိတ်တယ်။ ဟိုကလာတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တောင်ပေးမတွေ့နိုင်ဘူး။ ဟိုက တွေ့ရမလားလို့လာတာ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတို့ အုပ်လိုက် ကြီး လာတာ၊ သူပေးမတွေ့နိုင်ဘူး။” ဟု ပြောသည်။
သူက ဆက်ပြီး “အဲ့ဒါကိုက တချို့လူတွေထင်သလို ဒေါ်အောင်ဆန်းစုကြည် ထွက် လာရင်၊ ဒါတွေရပ်ကြပါတော့ ပြောလိမ့်မယ်ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး၊ ဒီတော်လှန်ရေးက ဆက်ရှိမှာပဲ။ စစ်တပ် ရည် ရွယ်ချက်က သူ့စစ်အာဏာရှင် စနစ်ကိုဆက်ခိုင်မာရေးအတွက် သူနည်းလမ်း ပေါင်းစုံသုံးမယ်” ဟု ပြော သည်။
စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ဝင်ဆံ့နိုင်ရေး ကြိုးပမ်းနေရာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီး၌ မြန်မာ့အရေးနှင့် ပတ်သက်၍ အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံသွားရန် အာဆီယံ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
ယင်းမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတကာ အသိအမှတ်ပြုမှု ဖြစ်သည်။
သို့ရာတွင် ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသရွေ့ စစ်အုပ်စု ခေါင်း ဆောင်ပိုင်းများကို အာဆီယံထိပ်သီး အစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ရန် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။
ထိုဆုံးဖြတ်ချက်မှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ အဓိကမူဘောင်အဖြစ် ဆက်လက်စွဲကိုင်ထားကြောင်း ပြသနေခြင်းဖြစ်ပြီး မြေပြင်၌ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသရွေ့ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ ယုံကြည်မှု ရရှိနိုင်မည်မဟုတ်ကြောင်း HURFOM ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ထောက်ပြသည်။
“ကျနော်တို့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပြောဆိုချက်တွေ ထက် မြေပြင်မှာ အရပ်သားတွေရဲ့ အခြေအနေ တကယ်ပြောင်းလဲလာသလားဆိုတာ အဓိက ကြည့်ဖို့ တိုက် တွန်းနေပါတယ်နော်။ ဒါတွေကို မျက်ကွယ်ပြုလို့ မရပါဘူး။ ကျူးလွန်ထားတဲ့ ချိုးဖောက်မှုတွေ အတွက် တာဝန် ယူဖို့ တာဝန်ခံဖို့ဆိုတဲ့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လိုပါတယ်။” ဟု ပြောသည်။
သူကဆက်ပြီး “ ဒါမှလည်း ကျနော်တို့ ငြိမ်းချမ်း ရေးဆိုတာ စပြီးတော့ အသက်ဝင်ဖို့ ဒီယုံကြည်မှုတွေ တည်ဆောက်ဖို့အတွက် ကနဦးခြေလှမ်းတွေ ဖြစ်မယ်လို့ ကျနော်ယုံ ကြည်ပါတယ်။ ဒါတွေဆက်ပြီး ရှိနေလို့ကတော့ ဘယ်လိုမှ ငြိမ်းချမ်းရေးဆိုတဲ့ ဒီလမ်းကြောင်းကို သွားလို့ရမှာ မဟုတ်ပဲနဲ့ တသက်လုံးပဲ စစ်အုပ်စုနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု တံတိုင်းဟာ ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ရမှာ မဟုတ်ဘဲနဲ့ ဒီအတိုင်းပဲ ဆက်သွားနေလိမ့်မယ်လို့ မြင်ပါတယ်။”
တစ်ဖက်တွင်လည်း တရုတ်နိုင်ငံက တစိုက်မတ်မတ် ပြောဆိုနေသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စစ်အုပ်စုအနေဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်မည် မဟုတ်ဘဲ အခက်အခဲ ကြုံ တွေ့ချိန်တိုင်း ရွေးကောက်ပွဲနှင့် တွေ့ဆုံဆွေးနွေးရေးစကားများကိုသာ ဟန်ပြအသုံးပြုလေ့ရှိကြောင်း ဒေါက်တာ လှကျော်ဇောက ဆက်လက်သုံးသပ်သည်။
“တရုတ်ကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် တောက်လျှောက်ပြောနေတာပဲ၊ စစ်တပ်က ဒါကိုမလုပ်နိုင်ဘူးဗျ။ အပစ်အခတ်ရပ်စဲရေးဆိုလည်း ခဏပဲ၊ သူက ငြိမ်းချမ်းရေးဆိုတာ လေပဲ။ ငြိမ်းချမ်းရေးဆိုတာ ပြောနေတာ မင်းအောင်လှိုင်ခေတ်မှ မဟုတ်ဘူး၊ ဗိုလ်နေဝင်းခေတ်ကတည်းက ပြောနေတာ၊ သူတို့ အခက်အခဲအကျပ်အတည်းဖြစ်လာရင်၊ ငြိမ်းချမ်းရေးစကားပြောမယ်၊ ရွေးကောက်ပွဲစကားပြောမယ်၊ စေ့စပ် ဆွေးနွေးတာတွေ လုပ်မယ်၊ သို့မဟုတ် လူမျိုးရေး အဓိကရုဏ်းတွေလုပ်မယ်၊ ဒါတွေပဲ လုပ်မှာ ငြိမ်းချမ်းရေးက ဘယ်တော့မှရမှာ မဟုတ်ဘူး၊” ဟု ပြောသည်။
“ကျွန်မတို့ပြည်သူတွေက ဒီနွေဦးတော်လှန်ရေးမှာ ပြတ်တယ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုတာ ပြောပြီးသား၊ အဲ့တော့ ဒီစစ်တပ် အမြစ်ပြတ်မှဖြစ်မှာ စစ်တပ်ဒီပုံစံအတိုင်းဖြစ်နေလို့က တော့ မြန်မာပြည် ငြိမ်းချမ်းရေးလည်းမရဘူး၊ ဖွံ့ဖြိုးတိုးတက်ရေးလည်း မရဘူး၊ ဒါကို တရုတ်လည်း သိပါ တယ်။” ဟု ဒေါက်တာ လှကျော်ဇောက ပြောသည်။
မြေပြင်စစ်ရေး အခြေအနေများအရမူ တရုတ်နိုင်ငံ၏ ဩဇာသက်ရောက်မှုနှင့် စီးပွားရေး အကျိုးစီးပွားများကို စစ်အုပ်စုရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကပါ လွန်ဆန်၍ မရသည့် အနေအထားတွင် ရှိနေ ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
“အခုတိုက်ပွဲတွေရဲ့ အခြေအနေအရ တရုတ်ကိုတော့ စစ်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ပြောင်ပြောင်ကြီးတော့ ငြင်းဆန်လို့မရဘူးပေါ့နော်။ တရုတ်အကျိုးစီးပွားတွေကို နှစ်ဖက်လုံးကသွား ထိလို့ မရ တဲ့ အနေအထားမျိုးကိုလည်း တွေ့ရတယ်။ ရခိုင်မှာဆိုရင် ကျောက်ဖြူတိုက်စစ်မှာ အာရက္ခတပ်ဘက်က တရုတ်ရဲ့ စီးပွားရေးဇုန်တွေကို ရှောင်ကွင်းပြီး တိုက်ရတဲ့အခါ တိုက်စစ်က အားထည့်လို့မရတဲ့ အနေအထားမျိုး တွေ့ရ တယ်။ တရုတ်ဂတ်စ်ပိုက်လိုင်းကြီးကို စစ်တပ်ရော တိုင်းရင်းသားအဖွဲ့အစည်းတွေရော ဘယ်သူမှ ထိလို့ မရတဲ့ အနေအထား တရုတ်ရဲ့ဩဇာက နှစ်ဘက်စလုံးအပေါ်မှာ သက်ရောက်နေတာတွေ့ရတယ်။” ဟု ပြောသည်။
သူက ဆက်ပြီး “ငြိမ်းချမ်းရေး အခြေ အနေတွေမှာ တရုတ်ရဲ့သဘောထားက နောက်ဆုံးမှာ တွေ့ဆုံဆွေးနွေးရေးကို သွားရမယ်။ တရုတ် အကျိုးစီးပွားကို မထိတဲ့ စစ်မျက်နှာတွေပဲ ဖွင့်ကြရမယ်။ တရုတ်သဘောကို ဆန့်ကျင်လို့ မရဘူး။” ဟု ပြောသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း နေပြည်တော်၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်ပြည့် နှစ်ပတ်လည် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သော် လည်း လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း မရှိတော့ပေ။
လက်ရှိတွင် စစ်အုပ်စုနှင့် ဆက်လက်ဆွေးနွေးနေသည့် အဖွဲ့ ၇ ဖွဲ့မှာ KNU/KNLA-PC၊ DKBA၊ ALP၊ PNLO၊ RCSS၊ LDU နှင့် NMSP တို့သာ ကျန်ရှိနေပြီး အာဆီယံ၏ ကဏ္ဍအလိုက် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် မြန်မာကို ပါဝင်ခွင့်ပြုထားသော်လည်း အမြင့်ဆုံး နိုင်ငံရေးအဆင့် ထိပ်သီးအစည်းအဝေးများတွင်မူ ဆက်လက် ပိတ်ပင်ခံထားရဆဲ ဖြစ်သည်။
ပုံစာ – တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်။ – ပုံဟောင်း / (ဓာတ်ပုံ – Ministry of Foreign Affairs People’s Republic of China)