သံတွဲကို စစ်အုပ်စုတပ် ဗုံးကြဲမှု ညီအစ်မနှစ်ဦး သေဆုံးကာ ကလေးတစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
ရခိုင်ပြည်၊ သံတွဲမြို့၊ ငပလီကမ်းခြေနှင့် တစ်ဆက်တည်းရှိသည့် လင်းသာကျေးရွာကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ညီအစ်မနှစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမဗုံးမှာ လင်းသာကမ်းခြေသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဒုတိယဗုံးမှာ လင်းသာကျေးရွာ ဘုန်းကြီးကျောင်းခြံစည်းရိုး အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဒေသခံပရဟိတသမား အမျိုးသားတစ်ဦးက “နှစ်ရက်ဆက်တိုက် ကြဲတာလေ ဒေသခံတွေ ဘယ်လိုနေမလဲ။ လင်းသာရေပြာအေး လမ်းထိပ်က ကျောင်းကို ထိတာ။ ရေပြာအေးလမ်းဆုံးရင် ပင်လယ်၊ ပိုက်တွေသိမ်းပြီး ပင်လယ်မဆင်းနိုင်။ ကလေးမလေး အေးအေးသန်းက အသက်ရအောင် ကြိုးစားပေမယ့် မရလိုက်ဘူး။ မနေ့ ကလည်း သံတွဲ အမှတ် ၁ ကျောင်းနားဗုံးကြဲလို့ ၂ ယောက်သေတယ်။ မြို့မှာလူတွေ ဈေးတောင်မထွက်ရဲကြ ဘူး” ဟု ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် မအေးအေးစိုးမှာ ဗုံးစထိမှန်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး ညီမဖြစ်သူ အသက် ၁၄ နှစ်အရွယ် မအေးအေးသန်းမှာလည်း ပြင်းထန်ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူ နေစဉ် ထပ်မံကွယ်လွန်ခဲ့သည်။
ထို့ပြင် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘုန်းကြီးကျောင်းရှိ သာသနိကအဆောက်အအုံများနှင့် အနီးဝန်းကျင်ရှိ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။
သံတွဲမြို့နယ်အတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း အမှတ် (၁) ရပ်ကွက်ရှိ GTI ကျောင်းနှင့် အနီးဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သေးပြီး လက်ရှိ တွင် မြို့ပေါ်၌ လေကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်စရာနေရာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ဆိုသည်။
သံတွဲမြို့အခြေအနေနှင့်ပတ်သက်၍ ဒေသခံစီးပွားရေးသမားတစ်ဦးက “ဒေသခံတွေ ကျပ်တည်းတယ်၊ တောင်း ရမ်းစားသောက်သူတွေ များလာသလို တပ်တော် အထောက်အပံ့ မျှော်သူတွေလည်း များလာတယ်။ လုပ်စားလို့ အဆင်မပြေလေ။ ကမ်းခြေဘက်ရော ကုန်းတွင်းဘက်ရော ကြဲနေတာလေ။ အသက်စွန့်ပြီး ငါးဖမ်း။ မြောက် ပိုင်းက ပစ္စည်းတွေ ခက်ခက်ခဲခဲသယ်နဲ့ အခုဗုံးခိုကျင်းတွေထဲ အနေများလို့ ယားနာတွေဖြစ် ကုဖို့ ဆေးက ရှားပါး။ သက်ကြီးရွယ်အိုတွေ သေကြ ဖြစ်နေကြတာပါ” ဟု ပြောသည်။
ရခိုင်ပြည်ရှိ သံတွဲ၊ ကျောက်တော်၊ ပလက်ဝ၊ စနဲနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်အုပ်စုတပ်က လေကြောင်း၊ ဒရုန်းနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၄ ဦး သေဆုံး ပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထား သည်။
ပုံစာ – သံတွဲမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှု မြင်ကွင်းတစ်ခု။ / (ဓာတ်ပုံ – AA Info Desk)