တရားမဝင် နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများက အားပေးနေဟု စစ်အုပ်စုခေါင်းဆောင် စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။
အိမ်နီးချင်းနိုင်ငံများသည် လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေသများမှတစ်ဆင့် တရားမဝင် နယ်စပ်ကုန်သွယ်မှုများကို အားပေးပြီး ပြည်တွင်းစစ်ရေး ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေစေရန် လုပ်ဆောင်နေ သည်ဟု စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ မူဝါဒများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာ၌ ဦးမင်းအောင်လှိုင် က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
လက်နက်ကိုင် အဖွဲ့အစည်းများသည် တရားမဝင် နယ်စပ်ကုန်သွယ်မှုများမှတစ်ဆင့် ရရှိလာသည့် အခွန်ဘဏ္ဍာ များဖြင့် အဖွဲ့အစည်း ရပ်တည်ရေးကို လုပ်ဆောင်နေပြီး ထိုသို့ လုပ်ဆောင်နိုင်ရန် အိမ်နီးချင်းနိုင်ငံများက အားပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က “သူတို့ တရားမဝင်တဲ့ ဂိတ်တွေကနေ သူတို့ အားပေးနေတာတွေ ရှိပါတယ်။ ကျနော်တို့ကလည်း လွယ်လွယ်ကူ ကူ အဲဒီ တရားမဝင် ဂိတ်ကနေပြီးတော့မှ သောင်းကျန်းသူတွေနဲ ဆက်သွယ်ပြီးတော့ ကုန်စည်စီးဆင်းမှုတွေ အပို့ရော အသွင်းရော လုပ်နေကြတာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုကို လုပ်နေကြတာဖြစ်ပါတယ်။ ဒါကတော့ ကျနော် အားပေးဖို့ မသင့်ပါဘူး။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေက ဒီလို တရားမဝင်ဂိတ်တွေ ကနေပြီးတော့ ငွေကြေးတွေ ရတဲ့အခါမှာ သူတို့ရဲ့ သူတို့ အဖွဲ့တွေ ရပ်တည်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ရှိနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် တရားမဝင် နယ်စပ်ကုန်သွယ်ခွင့်များကို အိမ်နီးချင်းနိုင်ငံများက ခွင့်ပြုပေးနေသည့်အပေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဟန့်အတား ဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က “ကျနော်တို့ အားပေးဖို့ လိုမလား ကျနော်တို့ ငြိမ်းချမ်းရေး သွား နေကြတာ ငြိမ်းချမ်းရေး သွားတဲ့အချိန်မှာ ဒါကို အားပေးနေမယ်ဆိုရင်တော့ သူတို့ ငွေရနေတာပဲ လက်နက် ကိုင်ဖို့ ငွေရနေရင် သူတို့ ဒီဟာကိုပဲ အားသာနေမှာပဲ ဖြစ်တယ်။ ကျနော်အနေနဲ့ကတော့ ဒီလိုမျိုး တရားမဝင်တဲ့ ကုန်သွယ်ရေး လမ်း ကြောင်း ကနေပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထောက်အပံ့နေတဲ့ ကိစ္စမျိုး တော့ မဖြစ်စေချင်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုအနေဖြင့် တရားဝင် ကုန်သွယ်မှု လုပ်ဆောင်နိုင်သည့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ် ၃ ဂိတ်သာ ရှိတော့ပြီး ယင်းတို့မှာ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း နယ်စပ်ဂိတ်တို့ ဖြစ်ကြောင်း ၎င်း က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများသည် ၎င်းတို့ ထိန်းချုပ်ထားရာ ဒေသများမှတစ်ဆင့် တရားမဝင် ဂိတ်များဖွင့်၍ ကုန်သွယ်မှု လုပ် ဆောင်နေသည်ကို အိမ်နီးချင်း ထိုင်းနိုင်ငံက အားပေးနေသည်ဟု စွပ်စွဲခဲ့သည်။
အလားတူ တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကိုးကန့်တပ် (MNDAA) တို့ သည်လည်း ၎င်းတို့ ထိန်းချုပ်ဒေသများ၌ နယ်စပ်ဂိတ်များ ဖွင့်လှစ်ကာ ကုန်သွယ်နေမှုများကို တရုတ်နိုင်ငံက ခွင့်ပြုထားကြောင်း ပြောဆိုခဲ့သည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များ၏ အခြေအနေနှင့် ပတ်သက်၍ ဦးမင်းအောင်လှိုင်က “ကချင် ပြည်နယ်ဆိုရင် KIA နယ်မြေထဲမှာ ဆိုလို့ရှိရင် တရုတ်နယ်စပ်တွေ KIA ရဲ့ အစီအမံနဲ့ ဖွင့်တာတို့ MNDAA ရဲ့ နယ်စပ်တွေဆိုလို့ရှိရင် အရှေ့မြောက်ဒေသဆိုလို့ရှိရင်လည်း ကျနော်တို့ ဟိုဖက်က ချင်းရွှေဟော်တို့ ဘာတို့ဆို လို့ရှိရင်လည်း MNDAA ကနေ သူတို့ လုပ်နေတာတွေ ရှိလည်း ရှိတယ်။ ကျနော်တို့ မူဆယ်လမ်းကြောင်းကို မူဆယ်ကတော့ ကျနော်တို့ တပ်မတော်က ထိန်းသိမ်းထားပါတယ်။ သို့သော် အဲဒီကို သွားတဲ့ ကုန်ပစ္စည်းတွေက တရားဝင်သွားတာ မဟုတ်ဘူး။ ခင်ဗျားတို့ ဒီတောလမ်းကနေပြီးတော့ သောင်းကျန်း သူတွေကို ငွေပေးပြီး သွားနေကြတာ ဖြစ်ပါတယ်။ ဂိတ်တွေကို ကွင်းပြီးသွားတာဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်-မြန်မာ နယ်စပ်တွင် KIA နှင့် MNDAA ထိန်းချုပ်ထားသည့် ဂိတ်များအပြင် တအာင်းတပ် (TNLA)၊ မိုင်းလား (NDAA) နှင့် “ဝ” တပ်ဖွဲ့ (UWSA) တို့ ထိန်းချုပ်ထားသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် အိန္ဒိယနယ်စပ်ဘက်ရှိ တမူးနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို စစ်အုပ်စုတပ်က ထိန်းချုပ်ထား သော်လည်း လုံခြုံရေး အခြေအနေကြောင့် ယနေ့တိုင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ နယ်မြေရှင်းလင်း ရေးများ ဆက်လက်လုပ်ဆောင်နေရကြောင်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။
ပြည်တွင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းမှာ နယ်စပ်ကုန်သွယ်ခွင့်မှ ရရှိသည့် အခွန် ဘဏ္ဍာများကြောင့် မဟုတ်ဘဲ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးတို့ကို တောင်းဆိုရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု တိုင်းရင်းသားများက တုံ့ပြန်ပြောဆိုကြသည်။
ပုံစာ – စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်။ / (ဓါတ်ပုံ Crd -MRTV)