ICC ရန်ပုံငွေကို ဂျပန် ကြိုတင်ထည့်ဝင်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အတွက် ၂၀၂၇ ခုနှစ်စာ ထည့်ဝင်ငွေ အပြည့်အဝကို ယခုနှစ်ကုန်ပိုင်းတွင် ကြိုတင်ထည့်ဝင်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် စနိုင်း တာကာအိချိ (Sanae Takaichi) က နိုဝင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေချိန်တွင် တရားရုံးဘက်က ရန်ပုံငွေ စောစီးစွာ ထည့်ဝင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တိုကျိုမြို့ ဝန်ကြီးချုပ်ရုံး၌ ICC ဥက္ကဋ္ဌ တိုမိုကို အာကာနဲ (Tomoko Akane) နှင့် တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ်က ယင်းသို့ ကတိပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဂျပန်၏ အဓိက လုံခြုံရေးမဟာမိတ် ဖြစ်သည့် အမေရိကန်ကမူ ICC တရားရုံး ပျက်စီးသွားစေရန် ပိတ်ဆို့အရေးယူခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများ နုတ်ထွက်ရန် တိုက်တွန်းခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။

ဂျပန်နိုင်ငံသည် ICC ဘတ်ဂျက်၏ ၁၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနေသည့် အကြီးဆုံး အလှူရှင်ဖြစ်ပြီး ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ တောင်ကိုရီးယားနှင့် ကနေဒါတို့က အများဆုံး ထည့်ဝင်နေကြသည်။

အမေရိကန်၏ ပိတ်ဆို့မှုများသည် လာမည့် ၂၀၂၇ ခုနှစ် ဧပြီလတွင် အပြည့်အဝ စတင်အသက်ဝင်မည်ဖြစ်ရာ ယင်းမတိုင်မီ ငွေကြိုတင်ထည့်ဝင်လိုက်သည့်အတွက် တရားရုံးဘက်တွင် အသုံးပြုရန် ရန်ပုံငွေ အဆင်သင့် ရှိနေမည် ဖြစ်သည်။

ဂျပန်၏ ယခုလုပ်ရပ်ကြောင့် အခြား အလှူရှင်နိုင်ငံကြီးများပါ လိုက်ပါကြိုတင်ထည့်ဝင်လာနိုင်သဖြင့် ပိတ်ဆို့မှု မတိုင်မီ တရားရုံးအတွက် လုံလောက်သည့် အရန်ငွေ ရရှိသွားနိုင်ကြောင်း လေ့လာသူများက တွက်ဆနေကြသည်။