ကရင်နီတွင် ဗုံးနှင့် ဒရုန်းရန်ကြောင့် ကလေးများ စိတ်ဒဏ်ရာများခံစားနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်။
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်များကြောင့် ကလေးသူငယ်များမှာ စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်း မရှိသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ ဌာနမှူးကြီး အဂ္ဂသာနုနုက ပြောသည်။
စစ်အုပ်စုတပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ၂ နှစ်နီးပါးကာလအတွင်း ကရင်နီပြည်၌ ကလေးသူငယ် ထိခိုက်သေဆုံးသူ ၁၂၄ ဦး ရှိခဲ့ပြီး လုံခြုံရေးခြိမ်းခြောက်မှုများ ဆိုးရွားနေဆဲ ဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေး အဖွဲ့ (KnHRG) နှင့် IEC တို့က ဆိုသည်။
(IEC) ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ ဌာနမှူးကြီး အဂ္ဂသာနုနုက “စာသင်နေတဲ့အချိန်မှာ ဘယ် အချိန် ဗုံးလာမလဲ၊ ဘယ်အချိန် ဒရုန်းလာမလဲ ဒါတွေကလည်း စိုးရိမ်နေရတယ်။ ဆရာ၊ ဆရာမတွေကလည်း ဒါကို အမြဲတမ်း alert ဖြစ်နေရတာ။ ဆိုတော့ ဒါတွေက စာသင်တဲ့ နေရာမှာလည်း အာရုံစူးစိုက်မှုတွေက အား နည်းလာတယ်။ တစ်ပြိုင်တည်း သင်ယူမှု အခင်းအကျင်းကိုလည်း ဖျက်ဆီးတယ်လို့ ပြောလို့ရတယ်။ တစ်ဖက် မှာလည်း စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေက အများကြီးပဲ” ဟု ပြောသည်။
ကရင်နီပြည်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ကလေးသူငယ် ၃၀ ဦး သေဆုံးပြီး ၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KnHRG က နိုဝင်ဘာလ ၂၀ ရက်နေ့ ကမ္ဘာ့ကလေးများနေ့တွင် ထုတ်ပြန်ထား သည်။
ထိုသို့ ထိခိုက်သေဆုံးခဲ့သည့် ကလေးသူငယ်အများစုမှာ အဓိကအားဖြင့် စစ်အုပ်စုတပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဖြစ်သည်။
ထိုသို့သော မလုံခြုံမှုများကြောင့် စာသင်ခန်း အတွင်းရှိ ကလေးငယ်များသာမက ကျောင်းသို့ ပို့ဆောင်ထားရသည့် မိဘများမှာလည်း နေ့စဉ်နှင့်အမျှ စိုးရိမ် ပူပန်နေကြရသည်။
အဂ္ဂသာနုနုက “ကလေး တွေ မကပါဘူး။ မိဘတွေရော ကျောင်းသာ ပို့လိုက်ရတာ စိတ်မချဘူး။ ဘယ်အချိန် လာမလဲ၊ ဘယ်အချိန် ပြေးကြို ရမလဲဆိုတဲ့ဟာက ready ဖြစ်နေရတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။ သတိလက်လွတ် ဖြစ်သွားပြီဆိုရင် ဒါက ရင်ကျိုးရတဲ့ အနေအထားမျိုးတွေလည်း တွေ့နေကြပဲ” ဟု ပြော သည်။
လက်ရှိတွင် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနအနေဖြင့် သက်ဆိုင်ရာ မြို့နယ်များအတွင်း စေတနာ့ ဝန်ထမ်းများ မွေးထုတ်ကာ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကလေးငယ်များ၊ မိဘများ၏ စိတ်ဒဏ်ရာများကို ကုစားပေးသည့် အစီအစဉ်များကို စတင်အကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိသည်။
အဂ္ဂသာနုနုက “လောလောဆယ်တော့ အကောင်အထည်ဖော်နေတဲ့ စေတနာ့ဝန်ထမ်းက ကိုယ်တွေ နေရာပေး နိုင်တာက လူပေါင်း ၂၀ လောက်ပဲရှိသေးတယ်။ ဆိုတော့ ဒီ ၂၀ နဲ့ လက်ရှိ မြို့နယ် ၁၁ မြို့နယ်မှာတော့ လှုပ်ရှား နေတယ်။ ဒီအစီအစဉ်ကတော့ စိတ်ဒဏ်ရာတွေ ကုစားပေးဖို့ဖြစ်တယ်။ ပြီးတော့ ကလေးသူငယ် အခွင့်အရေး တွေ၊ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြှင့်တင်လုပ်ဆောင်ဖို့ဆိုတဲ့ အစီအစဉ်နဲ့ လုပ်ဆောင်နေတာတွေ တော့ ရှိနေပါတယ်” ဟု ပြောသည်။
ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်နှင့် လုံခြုံရေးကို ဦးစားပေး ကာကွယ်ပေးရန်၊ ကလေးတိုင်း ပညာသင် ယူခွင့် ရရှိနိုင်ရေးတို့အပြင် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးကို အလေးထား ဆောင်ရွက် ပေးရန် IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၇၂ နှစ်မြောက် ကမ္ဘာ့ကလေးများနေ့တွင် ထုတ်ပြန်တိုက်တွန်းထားသည်။
ထို့အတူ KnHRG ကလည်း စစ်အုပ်စုတပ်အနေဖြင့် ကလေးသူငယ်များနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှု များ ချက်ချင်း ရပ်တန့်ရန် အပါအဝင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပြီး တရားမျှတမှု ဖော်ဆောင်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု များ တိုးမြှင့်လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည်။
ပုံစာ – ကရင်နီစစ်ရှောင်စခန်းတစ်ခုတွင် ၇၂ နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပနေပုံ။ / ဓါတ်ပုံ Crd – Mu Sel