ကချင်ပြည် ခေါင်လန်ဖူးကို ပြန်ထိန်းချုပ်ဖို့ ပြည်သူ့စစ်အင်အားနှင့် စစ်အုပ်စုတပ် လှုပ်ရှားလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ထိန်းချုပ်ထားသော ကချင်ပြည်မြောက်ဖျားပိုင်းရှိ ခေါင်လန်ဖူးမြို့နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အုပ်စုတပ်က ဒေသတွင်း ပြည်သူ့စစ်အဖွဲ့များနှင့် ပူးပေါင်း၍ စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း KIO/KIA က ပြောသည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် မင်းဇေသန့် ပြည်သူ့စစ် အပါအဝင် ဒေသတွင်း ကချင်မျိုးနွယ်စု ပြည်သူ့စစ်များ နှင့်အတူ ခေါင်လန်ဖူးမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားလာသောကြောင့် ထိတွေ့ တိုက်ပွဲငယ်များလည်း ဖြစ်ပွားနေကြောင်း ဆိုသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အားဖြည့်တင်းထားသည့် အခြေအနေနှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။
“ခေါင်လန်ဖူးဖက်မှာကတော့ နယ်ခြားမှတ်တိုင် သုံးဆယ် သုံးဆယ်တစ်ကြားမှာ အခု လောလောဆယ် အခြေ အနေကတော့ စစ်အင်အားတွေ ဖြည့်ထားတာ တွေ့ရပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေဖြစ်တဲ့ တန်ဂူးတန်ပြည်သူ့ စစ် နောက် ဝါရာဇွပ် မင်းဇေသန့် ပြည်သူ့စစ်တွေ ဒူးလေးပါတီ ပြည်သူ့စစ်တွေ နောက် ဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့ စစ်ဖြစ်နေတဲ့ အရင်က အထူးဒေသဖက်က ပြည်သူ့စစ်တွေပေါ့ အားလုံးပေါင်းပြီးမှ စုပေါင်းပြီးမှ အင်အား သုံး လေးရာလောက် ပို့ထားတာ တွေ့ရပါတယ်။”
စစ်အင်အားဖြည့်တင်းမှုနှင့်အတူ KIA ရှိရာ ဒေသများဘက်သို့ စစ်အုပ်စုတပ်က စစ်ရေးလှုပ်ရှားလာသောကြောင့် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ KIA နဲ့ ပူးပေါင်း တပ်တွေ ရှိတဲ့နေရာဖက်မှာ ထိုးစစ်ဆင်တာကတော့ အခု လောလောဆယ်ကတော့ သိပ်ပြင်းပြင်းထန်ထန်ကတော့ မရှိဘူး။ ဒါပေမယ့် အနီးကပ် စောင့်ကြည့်နေတဲ့ အနေ အထားဆိုတော့ နည်းနည်း လှုပ်ရှားတာနဲ့တော့ တိုက်ပွဲငယ်လေးတွေကတော့ ဖြစ်ပါတယ်။ သိပ်ပြီးမှ ကြီးကြီး မားမား ပြင်းပြင်းထန်ထန် တိုက်ပွဲတွေကတော့ မဟုတ်ဘူး။ ထိတွေ့ ရင်ဆိုင်တိုက်ပွဲကတော့ ရှိပါတယ်။ အဲ့လို ပုံစံ ဖြစ်ပါတယ်။ နီးနီးကပ်ကပ် နေတယ်ဆိုတော့ နည်းနည်း လှုပ်ရှားတာနဲ့တော့ တိုက်ပွဲငယ်လေးတွေ တော့ ဖြစ်ပါတယ်။ တကယ့် ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေးကြီးတွေကတော့ မရှိဘူးလို့ ကျနော် ပြောလိုခြင်း ဖြစ်ပါ တယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်က ခေါင်လန်ဖူးမြို့နယ်အတွင်း ပြည်သူ့စစ်များနှင့် စစ်အင်အားဖြည့်တင်းလာမှုအပေါ် ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကို ပစ်ခတ်ပြီးမှ သေကြေကြပါစေ ဆိုပြီးမှ ပို့ထားတာလည်း ဖြစ်နိုင်တာပေါ့။ နောက် သူတို့ရဲ့ ခေါင်လန်ဖူး မြို့နယ်ဖက်ကို KIA နဲ့ ပူးပေါင်းတပ်တွေ နေရာယူထားတာကို ပြန်ထိန်းချုပ်နိုင်ဖို့ အတွက် သူတို့နယ်မြေတွေကို ပြန်ကာကွယ်ချင်လို့ အခုလိုမျိုး ပို့ထားတာ ဖြစ်မယ်လို့တော့ ကျနော် တစ်ဦးတစ်ယောက်ရဲ့ အမြင်ကတော့ အဲ့လိုရှိပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ခေါင်လန်ဖူးမြို့နယ်အပြင် ရှမ်း-ကချင်အစပ် မိုးမိတ်နှင့် ကချင်ပြည်အတွင်းရှိ မိုးညှင်း၊ အင်းတော်၊ ဝိုင်းမော်၊ ဖားကန့် စသည့်မြို့နယ်များ၌လည်း စစ်အုပ်စုတပ်နှင့် KIA တို့ကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KIO/KIA က ဆိုသည်။
ကချင်ပြည် နည်းတူ ကရင်၊ ကရင်နီ၊ ရခိုင်၊ ချင်းနှင့် မွန် စသည့် ပြည်နယ်များနှင့် တိုင်းဒေသကြီးအများစုတွင် လည်း စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေ သည်။
နိုင်ငံတစ်ဝန်း လက်လွတ်ထားရသော နယ်မြေများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အရ မဟာဗျူဟာကျသော ဒေသများကို ပြန်လည်ထိန်းချုပ် စိုးမိုးရန် စစ်အုပ်စုတပ်က မြေပြင်ထိုးစစ်များအပြင် ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေခြင်း ဖြစ်သည်။
စစ်ရေးပဋိပက္ခဒေသများရှိ အရပ်သားပြည်သူများမှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းနှင့် လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးခြင်း၊ နေအိမ် မီးရှို့ဖျက်ဆီးခံရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုဆိုးရွားစွာ ကြုံတွေ့နေကြရသည်။
ပုံစာ – ခေါင်လန်ဖူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့စစ်အဖွဲ့ကိုတွေ့ရစဉ်။ / ဓာတ်ပုံ – Original uploader