တနိုင်းဒေသတွင်း အမဲမလိုက်ရန်၊ ဟင်းရှာမထွက်ရန်၊ တောင်ယာမလုပ်ရန် တပ်မတော်မှ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇွန်လ ၂၂ ရက်၊ ၂၀၁၆။
တနိုင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်း ရေးပြုလုပ်မည် ဖြစ်သောကြောင့် ဇွန်လ ၂၃ ရက်နေ့ မှ ဇူလိုင်လ ၂ ရက်နေ့အတွင်း ရွာသားများ အမဲလိုက်ခြင်း၊ သစ်ဝါးခုတ်ခြင်း၊ ဟင်းရှာခြင်း နှင့် တောင်ယာလုပ်ငန်းများ မလုပ်ရန် အကြောင်းကြားသည့် စာတစ်စောင်ကို မြန်မာ့တပ်မတော်မှ ဇွန်လ ၂၂ ရက်နေ့ ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။။
ယင်းစာကို ရှဒူးဇွပ် အခြေစိုက် အမှတ် (၂၉၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးက လက်မှတ်ထိုးထားပြီး နောင်းမီကျေးရွာ၊ ဝါရာဇွပ်ကျေးရွာ၊ ရှဒူဇွပ်ကျေးရွာနှင့် တိန်ကောက်ကျေးရွာများသို့ ပေးပို့ခဲ့သည်။
တပ်မတော်စစ်ကြောင်းမှ လီဒိုကား လမ်းမကြီး၏ ဘေး ဝဲ/ယာ မီတာ (၅၀၀၀) အတွင်း နယ်မြေရှင်းလင်း ပစ်ခတ် မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည့် စာထဲတွင်ပါရှိသည်။
ရှဒူးဇွပ်တပ်ရင်းမှ မိမိအား ဖုန်းဆက်အကြောင်းကြားလာပြီး စာကိုလိုင်းကားဖြင့် ထည့်ပေးလိုက်ကြောင်း၊ တိန်ကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမခေါ်လဆမ်က အခုလိုပြောသည်။
“အဲ့ဒီ အကြောင်းကြားစာက လိုင်းကားနဲ့ ထည့်ပေးလိုက်ပြီ။ နောက်ပြီး ရှဒူးဇွပ်တပ်ရင်းမှူးကလည်း ကျနော့်ကို Viber ကနေ တဆင့် စာပို့လာတယ်။ အသေးစိတ်ရှင်းပြထားတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လေ။”
ဇွန်လ (၅) ရက်နေ့ကလည်း တနိုင်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့ နှင့် ရွှေမှော်၊ ပယင်းမှော်များတွင် အလုပ် လုပ်ကိုင်လျက်ရှိသော ပြည်သူများအား ဇွန်လ (၁၅) ရက်နေ့တွင် နောက်ဆုံးထားရွှေ့ ပြောင်းပေးရန် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် စာဖြန့်ဝေခဲ့သည့်အတွက် ပြည်သူများရွှေ့ ပြောင်းခဲ့ရသည်။
ယင်းစာများ ဖြန့်ဝေထားခဲ့ခြင်းကြောင့် ဒေသခံများ လယ်ယာ လုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ ဖြစ်နေရချိန်မှာ ယခုစာ ထပ်ရောက်လာခြင်းဖြစ်သည်ဟု ဦးမခေါ်လဆမ်က ပြောသည်။
“ဒီလယ်လုပ်နေတဲ့ သူတွေကြတော့ အခက်အခဲ ဖြစ်နေတာလည်း၊ လယ်လုပ်ရဖို့ တနိုင်းမြို့နယ် ထွေအုပ် AD ကို လျှောက်ကြည့်တော့ AD က ဒကစမှူး ကို စာတင်ကြည့်အုံးမယ် ဆိုပြီးပြောလာတာ မနေ့က ကျနော့်ကို Viber နဲ့ ပို့ပေးလိုက်တာကျတော့ လယ်လုပ် တဲ့ သူတွေကို ဘယ်သူ ဘယ်ဝါဆိုတာ နာမည်ပြန်တောင်းနေတာ ဒီနေ့ကြတော့ အဲဒီစာပြန်ရောက်လာတယ်” ဟု ဦး မခေါ်လဆမ်က ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရှဒူးဇွပ်တပ်ရင်းတို့အား ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ယခုရာသီသည် ကျေးရွာနေ ပြည်သူများ၏ အဓိက အသက်မွေး လုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်း လုပ် ကိုင်သည့် ကာလဖြစ်သည့်အတွက် အချိန်မှီ စပါးထွန်ယက် စိုက်ပျိုးနိုင်ခြင်းမရှိပါက စားဝတ်နေရေး အတွက် အခက်အခဲ ဖြစ်လာနိုင်သည်ဟု အမည်မဖော်လိုသည့် တနိုင်း ဒေသခံတစ်ဦးက ပြောသည်။
“လယ်လုပ်လို့ မရ၊ တောင်ယာလုပ်လို့ မရဘူး ဆိုရင်က စားဝတ်နေရေး အခက်အခဲ ရှိလာနိုင်တယ် အခုက ပယင်းမှော်တွေကလည်း ပိတ်ထားတော့ လာမယ့်နှစ်ကျတော့ တော်တော်လေးကို ပြဿနာတက်မယ့် အနေအထားဖြစ်တယ်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
တနိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။