UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံမည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၁၉  ရက်၊ ၂၀၁၇ ခုနှစ်။

ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ အောက်တိုဘာလ ၂၃ နှင့် ၂၄ ရက်နေ့တွင် သတ္တမအကြိမ်မြောက်အဖြစ် ရန်ကုန်တွင် တွေ့ဆုံဆွေးနွေးမည်ဟု UNFC မှပြော သည်။

“ကျနော်တို့က ၂၃ ၊ ၂၄ ချိန်းထားတယ်လေ (PC) နဲ့ တွေ့ဖို့ ရန်ကုန်မှာ လာမယ့် ၂၃ နဲ့ ၂၄ ရက်ပေါ့ အောက်တို ဘာလမှာပေါ့” ဟု UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် UNFC တို့ ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က UNFC မှ အဆိုပြု ထားသည့်  အချက် ၈ ချက်ထဲမှ အချက်  ၁ ကနေ  ၄ အထိ သဘောတူညီမှု ရရှိထားသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံစဉ် ယခင်က သဘောတူထားသည့် အချက်များကို  ပြန်လည်ဆွေးနွေးရန် အစိုးရဘက်မှ ပြောဆိုလာမှုများလည်း ရှိနေသည်ဟု နိုင်အာင်မငေး ကပြော သည်။

အချက် ၁ မှ ၄ အထိ ပြန်လည် ဆွေးနွေးရန် ပြောဆိုမှုများရှိနေသော်လည်း အလွတ်သဘော တွေ့ဆုံမှု ဖြစ်သည့်အတွက် တရားဝင် သတ်မှတ်၍ မရကြောင်း၊ သို့သော် သတ္တမအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲတွင် မည်သို့ ဖြစ်လာမည်ကို မသိနိုင်ကြောင်း UNFC ကပြောသည်။

UNFC အနေဖြင့် သတ္တမအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် အဓိက ကျန်ရှိနေသည့် အချက်များကိုသာ ဆက်လက် ဆွေးနွေး သွားမည်ဟု နိုင်အောင်မငေး ကပြောသည်။

“ကျနော်တို့ ဆဋ္ဌမအကြိမ်က တစ်ကနေလေးကို ဆွေးနွေးချက်အတိုင်း အတည်ပြုပြီးဆိုတော့ ကျန်ရှိတဲ့ ၅၊ ၆၊ ၇၊ ၈ ပဲ ဆက်ဆွေးနွေးမယ်ပေါ့လေ ဒါပေမယ့် ဟိုမှာရောက်တော့ သူတို့ ဘယ်လိုလုပ် ပြောမလဲတော့ မသိဘူးပေါ့။ လီကယ် (Legal) ပိုင်းကိစ္စမှာ နှစ်ဖက်သဘောတူတဲ့ လီကယ်(legal)ပိုင်းလည်း တစ်ခုရဖို့ ဒီ NCA လည်း ခိုင်ခိုင်မာ မာ ဖြစ်ဖို့ အဲဒါကို ကျနော်တို့ ပြန်ပြီးတော့ တိုင်ပင်ဆွေးနွေးကြမှာပေါ့။”

UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကကော်မရှင် ( PC ) တို့ ဆဋ္ဌအကြိမ် ဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိထားသည့် အချက် ၄ ချက်မှာ အစိုးရနဲ့ တပ်မတော်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ၂၄ နာရီ အတွင်း ကြေညာပေးရန်၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်များတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မ တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် တရားဝင် နိုင်ငံရေးပါ တီများ အပြင် ပါဝင်သင့်ပါဝင်ထိုက်သည့် ကိုယ်စားလှယ်များ ပါဝင်ရန်နှင့် ၂၁ ရာစုပင်လုံ ညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို မူတည်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေတွေကို ပြင်ဆင်ပြဌာန်းပေးရန် စသည့် အချက်လေးချက်ကို သဘောတူညီခဲ့ကြသည်။

UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ( PC ) တို့ ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသေးသည့် အချက် များမှာ တပ်နေရာ ပြန်လည် နေရာချထားရေး သဘောတူညီမှု၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီ တစ်ရပ်ကို နှစ်ဖက်သဘောတူသည့် နိုင်ငံတကာက အစိုးရ ကိုယ်စား လှယ်များနဲ့ ဖွဲ့စည်းသွား ရန်၊ NCA စာချုပ်တွင် ပါဝင်သည့်အချက်များကို ဖောက်ဖျက်ကျူးလွန်ပါက စောင့်ကြည့်ရန်အတွက် ဖျန်ဖြေရေး ကော်မရှင် ဖွဲ့စည်းပေးရန်နှင့် အပစ်ရပ်ဒေသများတွင် ပြုလုပ်သည့် စီမံကိန်းများနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ညှိနှိုင်းဆောင်ရွက်ရန် စသည့်အချက်များကို ဆွေးနွေးရန် ကျန် ရှိနေသေးသည်။

UNFC အနေဖြင့် အဆိုပြုထားသည့် အချက်များအတိုင်း အစိုးရနှင့် သဘောတူညီမှု ရရှိပြီး မြေပြင်အနေ အထားအရလည်း တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု မရှိပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စာချုပ် ( NCA) ကို လက်မှတ်ထိုးမည့် အခြေအနေ ရှိသည်ဟု နိုင်အောင်မငေးက ပြောသည်။

တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC ) တွင်  ပြုလုပ်မည်ဖြစ်သည်။

ညီညွှတ်သောတိုင်းရင်းသား လူမျိုးများကောင်စီ ( UNFC ) တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပါဝင်ပြီး NCA စာချုပ်အတိုင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆုံးဖြတ်ထားသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့ ဖြစ်သည်။