ကချင် လူထု သဘောထား တသားတည်းဖြစ်ရန် ဆွေးနွေးပွဲကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်။

အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ကချင်လူထုတစ်ရပ်လုံး၏ အသံများ သဘောထားများ တစ်ခု တည်းဖြစ်စေရန် ရည်ရွယ်သည့် ပထမဆုံးအကြိမ် ကချင်အမျိုးသား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့သည်။

၎င်းဆွေးနွေးပွဲကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကေအိုင်အို အပါအဝင် ကချင်ဘာသာရေး အဖွဲ့အစည်းများ လူထုများဖြင့် ပါဝင်ဖွဲ့စည်းထားသည့်  ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ရှေ့ လုပ်ငန်းစဉ် အကြံပေးအဖွဲ့က ကမကထ ပြုလုပ်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၂၀၁၁ ကနေ ဒီကနေ့အထိ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပေါင်းမြောက်များစွာပေါ့နော အကြိမ်ပေါင်း ၃၀၀၀ ကျော် ဖြစ်ခဲ့ပြီးပြီ ရွာပေါင်း လေးငါးရာလောက် ပျက်ဆီးသွားပြီ ပြီးတော့မှ စစ်ဘေးရှောင် ဒုက္ခသည်တွေကလည်း တစ်သိန်းကျော် ဒီကနေ့အထိ ခုနှစ်နှစ်နီးပါးလောက် ဒုက္ခရောက်နေတယ်။ အဲတော့ ငြိမ်းချမ်းရေးလည်း လုပ်ရင်းလုပ်ရင်းနှင့် ရှေ့ ကို မတိုးနိုင်ဘူး ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ လူထုက ကေအိုင်အိုနဲ့ ဆွေးနွေးနေတာပေါ့။ ကျနော်တို့ရဲ့ နိုင်ငံရေး ရှေ့ လုပ်ငန်းစဉ် တွေ ဘယ်လို ဆက်လုပ်ကြရင် ကောင်းမလဲပေါ့နော။ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ရှေ့ လုပ်ငန်းစဉ် အကြံပေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့မှ အခုလို လူထုခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတာဖြစ်တယ်” ဟု ငြိမ်း ချမ်းရေးနှင့် နိုင်ငံရေး ရှေ့ လုပ်ငန်းစဉ် အကြံပေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ စသည့် ခေါင်းစဉ် ၅ ခုကို ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီမှ တက်ရောက်ဆွေးနွေးမည့် ပြည်တွင်းပြည်ပရှိ ကချင်အဖွဲ့အစည်းအသီးသီးအား ကြိုတင်ပေးပို့ထားပြီး ၎င်း ခေါင်းစဉ် ၅ ခုအပေါ် အခြေခံကာ အဖွဲ့အစည်း အသီးသီးမှ တင်သွင်းလာကြသည့် စာတမ်းများကို စုစည်းကာ သဘောထား ရယူထားခြင်းဖြစ်သည်။

“ကျနော်တို့ ပေးထားတဲ့ ခေါင်းစဉ်တွေကို ပိုပြီးမှ ကျနော်တို့ အားလုံးနဲ့ တစ်မျိုးသားလုံးနဲ့ အသုံးပြုဖို့ နိုင်ငံရေး ဆွေးနွေးတဲ့နေရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ အသုံးပြုဖို့ ဒီခေါင်းစဉ် တွေကို အခြေခံမူတွေကို ချမှတ်ဖို့ ကျနော်တို့ ဆက်ပြီးမှ ဆွေးနွေးဖို့ ဖြစ်ပါတယ်” ဟု ကေအိုင်အို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ပထမဆုံးအကြိမ် ကချင်အမျိုးသား တွေ့ဆုံဆွေးနွေးပွဲတွင် တင်သွင်းလာသည့် စာတမ်း ပေါင်း (၅၀)ကျော်ခန့် ရှိသည်ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

နောက်ပိုင်းတွင်လည်း ယခုကဲ့သို့ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သဘောထား တစ်ခုတည်းရရှိသည်အထိ ဆက်လက် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

ကေအိုင်အို/ကေအိုင်အေ အနေဖြင့် နောက်ပိုင်း ဆွေးနွေးပွဲများမှ ရရှိလာမည့် ကချင်တစ်မျိုးသားလုံး၏ သဘောတူညီချက်များကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC တွင်လည်း တင်ပြသွားမည်ဖြစ်သည်။

“ဒါက FPNCC မှာကတော့ ကျနော်တို့ ကချင်တမျိုးသားလုံးရဲ့ ကျနော်တို့ရဲ့ လိုလားတောင့်တနေတဲ့ အဲ့ဒီအခြေခံမူများကိုတော့ ကျနော်တို့ ဆွေးနွေးဖို့လိုပါတယ်။ ဆွေးနွေးဖို့လည်း အစီအစဉ်ရှိပါတယ်။ အဲ့ဒါကို နိုင်ငံတော်အစိုးရကို၊ နောက်ပြီး စစ်တပ်တွေကို ဒီအတိုင်းတင်ပြမယ်။ နောက်ပြီး တခြား နည်း လမ်းနဲ့တင်ပြမယ်ဆိုတဲ့အပိုင်းတွေကတော့ FPNCC ရဲ့  ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ ဖြစ်ပါတယ်”

ပထမဆုံးအကြိမ်ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲတွင် ကချင်ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ကချင်တိုင်းရင်းသားများနှင့်  ကချင်လူထုများ လူဦးရေ လေးရာနီးပါးခန့် တက်ရောက်ခဲ့ကြသည်။