နားလည်မှုလွဲမှားမှုများ ဖြေရှင်းရန် အပစ်ရပ် ၈ ဖွဲ့တွေ့ဆုံ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇန္နဝါရီလ ၁၁ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်မှုများတွင် နားလည်မှုလွဲမှုများကို ကျော်လွှားနိုင်ရန်အတွက် အပစ်ရပ် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အရေးပေါ်အစည်းအဝေးကို ဇန္နဝါရီလ ၁၁ ရက်နေ့ ဒီကနေ့ မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေသည်။

NCA အဓိပ္ပါယ်ဖွင့်ဆိုမှုအနေပါ်နားလည်မှုမတူညီသေးပဲ နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်မှုတွေမှာ နားလည်မှုတွေလွဲနေတာကြောင့် စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ပေါင်း (၆၀) ကျော်ကာလ  နိုင်ငံရေးပြဿနာရဲ့ အမြင့်ဆုံးသော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်တဲ့ လက်နက်ကိုင်စွဲပြီး အပြန်အလှန်တိုက်ခိုက်ကြတဲ့ အတွေ့အကြုံတွေကြောင့် မယုံကြည်မှုတွေ၊ သံသယမှု သံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာပါဝင်တဲ့ အဓိက Stakeholders တွေကြားမှာ အမြစ်တွယ်နေကြတာ ငြင်းလို့မရပါဘူး ဒီဟာတွေက အခု နိုင်ငံရေးဆွေနွေးပွဲတွေလုပ်တဲ့အခါမှာ လာပြီး ပွတ်တိုက်မှု ဖြစ်လာရတာဖြစ်တယ်။ ဒါကြောင့် NCA ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ အပေါ် နားလည်မှုတူညီ ခြင်းမရှိသေးဘူးလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အမိန့်ပေး နာခံမှု စနစ်နဲ့သွားတာမျိုးမဟုတ်ဘဲ အပြန်အလှန်အ သိအမှတ်ပြုမှု လေးစားမှု ပြုကြပြီး ယုံကြည်မှုတည်ဆောက်ခြင်းကို အခြေခံတာဖြစ်သောကြောင့် Stakeholder တွေကြား ဘုံသဘောထားရရှိရေး ညှိနှိုင်းကြဖို့လိုအပ်ကြောင်းလည်း ပြောဆိုသည်။

နှစ်ဖက် နားလည်မှု လွဲမှားနေမှုတွေကိုလည်း အမြန်ဆုံး တွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် NCA အပစ်ရပ် ၈ ဖွဲ့ ခေါင်းဆောင်တွေအကြား အရင်ဆုံးညှိနှိုင်းရန် လိုအပ်သည့်အတွက် အခုလို အရေးပေါ် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်သည်ဟု ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ဆက်ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဦးတည်ပြီး ပြင်ဆင်နေတဲ့လုပ်ငန်းစဉ်တွေမှာ မမျှော်လင့်ဘဲ ကျွန်တော်တို့ EAOs တွေနားလည်ထားတဲ့ အမျိုးသား အဆင့်နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွေအပေါ် နားလည်ထား တဲ့နားလည်မှုနဲ့ အစိုးရဘက်က နားလည်ထားတာတွေမတူညီဘူးဆိုတာ ကျနော်တို့ တွေ့ရှိလာခဲ့ရပါတယ်။ အခုလို တွေ့ရှိလာတဲ့အပေါ်မှာ ကျနော်တို့ ရှေ့ကို ရှေ့မှာဆက်ပြီးတော့ ကျနော်တို့ ဆွေးနွေးပြီးတော့ ကျနော်တို့အတွက် ပြောရမယ်ဆိုရင် ပုံမှန် မဟုတ်ပဲ အရေးပေါ် သဘောဖြစ်ပါတယ်။

 ဒါ့အပြင် လူထုတွေ့ဆုံပွဲတွေ၊ (Public Consultation Meeting)၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ (Sub-National Dialogue) ဟာ နိုင်ငံရေးယဉ်ကျေးမှုအသစ်ရဲ့ ကျောရိုးတွေဖြစ်ပြီး ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်တာဖြစ်ပြီး စိုးရိမ်မှုတွေကို ဖော်ထုတ်အဖြေရှာကြဖို့လည်း ထည့်သွင်းပြောဆိုသွားသည်။

“တဘက်နှင့်တဘက် စိုးရိမ်မှုတွေကို ဖော်ထုတ်ပြီး အဖြေရှာမှသာ အနှစ်သာရရှိတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ EAO (၈) ဖွဲ့ အကြားမှာလည်း ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို ဖော်ထုတ်ပြီး တဘက်ဆွေးနွေးဘက်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရေးအတွက် မိမိတို့စိုးရိမ်စိတ်တွေကို အပြန်အလှန်ဖော်ထုတ်ပြီး အသိအမှတ်ပြုကာ ဆွေးနွေးအဖြေရှာ နိုင်ရေး ကျိုးစားမှသာ အဖြေမှန်ရရှိမှာဖြစ်ပါတယ်။”

နှစ်ရက်ကြာ ကျင်းပမည့် ယခုအစည်းအဝေးတွင် NCA အပစ်ရပ် ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ထိပ်သီးခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးကဏ္ဍ အလွတ်သေဘာ ဆွေးနွေးရေး အဖွဲ့ဝင်တွေ၊ လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အဖွဲ့ဝင်တွေ အပါအဝင် JMC က တာဝန်ရှိသူတွေလည်း ပါဝင် တက်ရောက်နေကြသည်။

ယနေ့ကျင်းပသည့် အရေးပေါ် အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကိစ္စ၊ အပစ်ရပ် ၈ ဖွဲ့မှ တစ်ဖွဲ့ချင်းစီ၏ လူထုတွေ့ဆုံဆွေးနွေးပွဲများ ကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ကိစ္စ များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးချမှတ်သွားရန် ရှိသည်ဟု သိရသည်။

ထို့အပြင် လုံခြုံရေးကဏ္ဍအလွတ်သဘော ဆွေးနွေးရေးကိစ္စ၊ နိုင်ငံရေးကဏ္ဍ အလွတ်သေဘာ ဆွေးနွေးရေးကိစ္စ၊ NCA-S EAO ညီလာခံ ကျင်းပရေး ကိစ္စ များကိုလည်း ဆွေးနွေးသွားရန်ရှိသည်။

NCA အပစ်ရပ် ၈ ဖွဲ့၏ ယခုအစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA ၊ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNLA-PC၊ ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်သော်လည်း ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO အဖွဲ့မှ တက်ရောက်ခြင်းမရှိပါ။