အစိုးရ၊ တပ်မတော်နှင့် NCA ထိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မေလကုန် ထပ်တွေ့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၈ ရက်နေ့၊ ၂၀၁၈ ခုနှစ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်စို့နေသည့် နိုင်ငံရေး မူဝါဒ နှင့် လုံခြုံရေး မူဝါဒ များနှင့် ပတ်သက်၍ အစိုးရ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအကြား မေလ ၃၀ ရက်နှင့် ၃၁ ရက်များ တွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးအဖြေရှာသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ကျင်းပပြီးဆုံးသွားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၂၀ ကြိမ်မြောက် အစည်းအဝေးတွင် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းများနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ မှ ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင် မှ ယခုကဲ့သို ပြောဆိုသည်။

နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အထူးသဖြင့် တန်းတူရေး နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ထဲမှာလည်းပဲ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုထဲမှာ ဖက်ဒရယ် အခြေခံမူနဲ့  အဲ့ဒီ ဖက်ဒရယ် အခြေခံမူတွေ ထဲမှာလည်း ပြည်ထောင်စု နဲ့ ပြည်နယ်ကြားမှာ အာဏာခွဲေ၀ ရေးတို့ ပြီးတော့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲပြဌာန်းခွင့်တို့ စသည်ဟာတွေက ကျနော်တို့တဖက်၊ တဖက်မှာလည်းပဲ တပ်မတော် ဖက်က တင်လိုက်တဲ့ ပြည်ထောင်စုမှ မခွဲထွက်ရေး ဆိုတဲ့ဟာကြီးက ရှိနေတယ်၊ ဒီဟာကို ကျနော်တို့ အနေနဲ့ ဘယ်လိုကျော်လွှားမလဲ ဆိုတာ နည်းလမ်းရှာဖွေနေတာဖြစ်ပါတယ်၊

 NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များနှင့် တပ်မတော် ၊ အစိုးရ တို့အကြားတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေးကို ထည့်သွင်းလက်မှတ်ထိုးရန်ကိစ္စ အပေါ် အငြင်းပွားမှုရှိနေပြီး မေလ ၁၈ ရက်နေ့ နှင့် မေလ ၁၉  ရက်နေ့တို့တွင် အစိုးရနှင့် နိုင်ငံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး ကော်မတီ ၊ တပ်မတော် နှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး ကော်မတီ တို့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

သို့ရာတွင် နှစ်ဖက်ဆွေးနွေးမှုများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆင်မပြေသေးသလို တစ်စို့နေမှုများရှိနေသေးကြောင်း ဒေါက်တာ ဆလိုင်းလျန်းမှုန်းဆာခေါင် က ဆက်လက်ပြောဆိုသည်။

တစ်စို့နေတဲ့ အဓိက အခက်အခဲကတော့ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြီးတော့ ဖက်ဒရယ် အခြေခံမူတွေက တဖက်၊ အစိုးရ တပ်မတော်က တောင်းဆိုထားတဲ့ ပြည်ထောင်စုထဲက မခွဲထွက်ရေးဆိုတာက တဖက် အဲ့လို တစ်စို့နေတာ ဖြစ်ပါတယ်။ ကျနော်တို့ အမြင်မှာကတော့ ဒါ ပြည်ထောင်စုမှ ခွဲထွက်ခွင့် နဲ့ခွဲထွက်ခြင်းမရှိစေရ နှစ်ခုစလုံးက ဖက်ဒရယ် အခြေခံမူနဲ့မဆိုင်ဘူး၊ အဲ့အတွက်ကြောင့် ဒါတွေကတော့ ဒါ အခု ကျနော်တို့ဆွေးနွေးနေတဲ့ ဖက်ဒရယ် အခြေခံမူ အုပ်စုမှာ ကျနော်တို့ မဆွေးနွေးသင့်ဘူးလို့ ကျနော်တို့ မြင်တယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရ ၊ တပ်မတော် အကြား ယခု တစ်စို့နေ မှုများအား ကျော်လွှားနိုင်ခြင်းမရှိပါက လာမည့် ဇွန် လအတွင်း၌ ကျင်းပရန် လျာထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ကျင်းပနိုင်မှာ မဟုတ်ကြောင်းလည်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင် က ထောက်ပြပြောဆိုခဲ့သည်။

ဘာဖြစ်လို့လည်းဆိုတော့ အခုဟာ ကျနော်တို့ တစ်စို့နေတဲ့ကိစ္စကို ဘယ်လိုအဖြေရှာမလဲ ဆိုတာပဲ ဆွေးနွေးပါတယ်။ အဲ့ဒီဟာကို ကျော်လွှားနိုင်မယ်ဆိုရင်တော့ ကျနော်တို့ ညီလာခံကြီးလည်း ကျင်းပနိုင်မှာပေါ့၊ အဲ့ဒါကြီးက ကျနော်တို့ မကျော်လွှားနိုင်ပဲနဲ့ ညီလာခံ ခေါ်မယ် အဲ့ဒီ ညီလာခံကြီးမှာလည်း ဘာမှ အဖြေမထွက်ပဲနဲ့ဆိုရင်တော့ ဒါ အချိန်ကုန် လူပန်းပြီးတော့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကိုလည်း ကျနော်တို့က မလေးစားရာ ကျမှာစိုးရိမ်တယ် အဲ့အတွက်ကြောင့် ကျနော်တို့ ကြိုးစားပြီးတော့ တစ်စို့နေတဲ့ ဟာတွေကို အရင် အဖြေရှာချင်တယ်၊ ညီလာခံ ကျင်းပရင်လည်းပဲ အဖြေကောင်းတွေ ရလာဒ်ကောင်းတွေ ထွက်စေချင်တယ်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေး ရလာဒ်များနှင့် တပ်မတော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြသည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေး မှ ရရှိလာသည့် အချက်များကို တင်ပြခဲ့ပြီး အစိုးရ၏ နိုင်ငံရေး ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များကိုလည်း ယခု အစည်းအဝေး တွင် တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော် သွားနိုင်ရန် အတွက် လက်ရှိ ကြုံတွေ့နေကြရသော အခက်အခဲများကို ကျော်လွားနိုင်ရန်အတွက် အလွတ်သဘော ဆွေးနွေးမှုတွေမှတဆင့် ကြိုးစားဆောင်ရွက် သွားမည်ဟု လည်း ပြောသည်။

အခက်အခဲတွေကိုလည်း ကျော်လွှားဖို့ ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးလည်း ပျက်မသွားဖို့ပေါ့နော် ကျနော်တို့ အားလုံး လိုလားတဲ့ ငြိမ်းချမ်းရေးကြီး ဖြစ်ပေါ်လာအောင် ကျနော်တို့ ဘက်ပေါင်းစုံကနေ ကြိုးစားပြီးတော့မှ ဆက်ပြီးတော့ လုပ်နေမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကြီး ရရှိဖို့၊ ပြည်တွင်းစစ်ကြီး ချူပ်ငြိမ်းဖို့၊ ကျနော်တို့ NCA စာချုပ်မှာပါတဲ့အတိုင်း ဒီမိုကရေစီအရေး အမျိုးသား တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အ၀ အာမခံချက်ရှိတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပါ။

လက်ရှိ NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့ ရှိပြီး ကရင်အမျိုးသား အစည်းအရုံး KNU၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။