ကျောက်စိမ်းတွင်း နွံကန်ပြို လူအများအပြားသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း နွံကန်ပြိုကျခြင်းကြောင့် အနည်းဆုံးမှော်လုပ်သား ၁၄ ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိကာ လူဦးရေ ၁၀၀ နီးပါးခန့် ပျောက်ဆုံးနေသည်ဟု ဒေသခံများက ပြောသည်။
လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ဗဏီများဖြစ်သည့် မဟာကုမ္ဗဏီနှင့် တောက်ပကြယ် ကုမ္ဗဏီကြားရှိ လုပ်ကွက်မှ ကမ်းပါးမှာ အနီးရှိ နွံကန်အတွင်း ဇူလိုင်လ ၁၄ ရက်နေ့ (ယနေ့) မွန်းလွှဲ ၂ နာရီ ခန့် တွင် ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးသောင်းဇံ က ပြောသည်။
“မြေစာအောက်ကို ပါသွားတာပေါ့နော်၊ ကမ်းပါးပြိုပြီး နွံထဲနစ်သွားတာပေါ့နော် အဲ့ဒါက တစ်ရာဝန်းကျင်လောက်ရှိတယ် ပျောက်နေ တာ။ အဲ့နားမှာ ကျောက်တူးနေတဲ့ကလေးတွေပေါ့။ ဒဏ်ရာရတဲ့ လူတွေကတော့ လုံးခင်းဆေးရုံမှာ ၂၀ လောက်ရောက်နေပြီ။ လောလောဆယ် သေဆုံးက ၁၄ ဦး” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရှိသူများအား လုံးခင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားသည် ဟု ပြောသည်။
မြေစာပြိုကျမှုကြောင့် ပျောက်ဆုံးနေသည့် သူများကို ဆက်လက်ရှာဖွေရန် ခက်ခဲနေသည့် အနေအထားများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်နားထားသည်ဟု ဦးသောင်းဇံက ပြောသည်။
“လောလောဆယ်ကတော့ ကယ်ဆယ်ရေးတွေက ရပ်ဆိုင်းထားရတယ်။ ရှာဖို့ဖွေဖို့ကလည်း အခက်အခဲရှိ တယ်။ အောက်မှာကလည်း နွံအိုင်ကြီး၊ အပေါ်မှာကလည်း အက်ကြောင်းကြီးဖြစ်နေတာ ကမ်းပါးကြီးက။ မြေကလည်း ဆက်တိုက်ပြိုမယ့် အနေအထားမျိုးဖြစ်နေတယ်။ မလွယ်ဘူး ကယ်ဆယ်ရေးလုပ်ဖို့က။ အခုနွံ့တွေထဲနစ်နေတဲ့ လူတွေကလည်း ဘယ်လိုမှ အသက်ရှင်နိုင်မယ့် အနေအထား မျိုးမရှိဘူး”
မြစ်ကြီးနားမြို့မှ ဖားကန့်သို့ ရောက်ရှိနေသည့် ကျောက်ကုန်သည်တစ်ဦးက ၎င်းမြင်တွေ့ခဲ့ရသည့် အခြေအနေကို ယခုလိုပြောသည်။
“လုံးခင်းကျေးရွာအုပ်စုပေါ့နော်။ အဲ့ဒါ အခုလုပ်ကွက် နားထားတဲ့နေရာမှာ လူတွေက ပြန်တူးကြတာ။ ပြန်တူးတော့ ရေကန်ကြီးပေါက်ကွဲသလိုဖြစ်သွားတာ။ မြေတွေပြိုပြီး အဲ့မှာ လူတစ်ရာကျော်လောက်ပါသွားတာ။ အဲ့ဒီနေရာက မဟာ၊ တောက်ပကြယ်၊ တစ်သုံးလုံးပေါ့ အဲ့တဝိုက်မှာက ကုမ္ဗဏီတော်တော်များတယ်”
ပွင့်လင်းရာသီချိန်က ကုမ္မဏီကြီးများမှ စက်ယန္တယားကြီးများဖြင့် အဆမတန် တူးဖော်ခြင်းအပြင် မိုင်းခွဲခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ထို့ကြောင့် ယခုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ကုမ္မဏီကြီးများက အကြီးစားလုပ်ငန်းများ၊ စည်းမဲ့ကမ်းမဲ့ ကျောက်စိမ်းတူးဖော်ခြင်း စသည့် လုပ်ဆောင်မှု၏ နောက်ဆက်တွဲ ခံစားရသည့် ဆိုးကျိုးများ ဖြစ်သည်ဟု ဦးသောင်းဇံ က သုံးသပ်ပြောဆိုသည်။
“ပွင့်လင်းရာသီမှာ ကုမ္ဗဏီကြီးတွေက စက်ယန္တယားအကြီးကြီးတွေနဲ့တူး။ ပေပေါင်း ၅၀၊ ၆၀ တူး၊ မိုင်းတွေ အဆမတန်ခွဲ အဲ့တော့ တုန်ခါအားတွေကများ အဲ့ဒါတွေက အခုချိန် မိုးရာသီကျတော့ ဒီဟာရဲ့ ဆိုးကျိုးတွေက ပြန်ခံစားရပြီလေ။ ပွင့်လင်းရာသီမှာ ကုမ္ဗဏီတွေရဲ့ အကြီးစားလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ထားလို့ ဒါ နောက်ဆက်တွဲ ဆိုးကျိုးတွေလို့ပဲ ပြောရမှာပေါ့”
ပြီးခဲ့သည့် ဇွန်လတတိယအပတ်ကလည်း ဖားကန့် ကျောက်စိမ်းနယ်မြေအတွင်း မြေပြိုမှုများကြောင့် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သေဆုံးသူ (၁၄) ဦးအထိရှိခဲ့သည်။
အလားတူ ဖားကန့်မြို့နယ်၊ မှော်ဝမ်း၊ ဆိမ့်မူ၊ ဖားပြင်၊ ဝှေခါ၊ ဖားကန့်၊ လုံးခင်း စသည့်ဒေသများတွင် ဇွန်လ တတိယအပတ်ထဲတွင် မိုးကြီးခဲ့သည့်အတွက် တပြိုင်တည်း ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုခြင်း၊ အိမ်ပြိုခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဥရုချောင်းလည်း ရေကြီးခဲ့သည်ဟု ဒေသခံများက ပြောသည်။