အတိုင်ပင်ခံ ကြိုးပမ်းမည့် နေရပ်ပြန်ရေး အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကချင်ခေါင်းဆောင်များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

ဒေါ်အောင်ဆန်းစုကြည်က စစ်ဘေးရှောင်များ နေရပ်ရင်း ပြန်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သော်လည်း ငြိမ်းချမ်းရေး မရပါက စစ်ဘေးရှောင်များ နေရပ်ရင်းပြန်နိုင်ရေးမှာ အလှမ်းဝေးနေအုံးမည်ဟု ကချင်တိုင်းရင်းသား အရပ်ဖက် ခေါင်းဆောင်များက ပြောသည်။

အောက်တိုဘာလ တတိယအပတ်အတွင်း ကချင်ပြည်နယ်သို့ ရောက်ရှိခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ဘေးရှောင်စခန်းများအား သွားရောက်စဉ် နေရပ်ရင်း ပြန်နိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က“အဓိကတော့ ငြိမ်းချမ်းရေးရအောင် လုပ်ဖို့က အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို ဆက်သွားနိုင်ဖို့ မြန်မြန်ဆန် ဆန်လုပ်ဖို့ပဲ အရေးကြီးတာ။ IDPs ပြန်ဖို့ကိစ္စကတော့ အဲ့ဒီနောက်မှ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ နှစ်ဘက် ညှိနှိုင်းမှ လုပ်လို့ရမှာပါ” ဟု ပြောသည်။

လက်ရှိအနေအထားအရ အစိုးရအနေဖြင့် စစ်ဘေးရှောင်များ နေရပ်ရင်း ပြန်နိုင်ရန်အတွက် ဘာမှလုပ်ဆောင်၍ ရမည်မဟုတ်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ သိက္ခာတော် ဆရာတော် ဒေါက်တာ ခါလမ်ဆမ်ဆွန်က ပြောသည်။

“အစိုးရအနေနဲ့ကတော့ ဘာမှလုပ်ပေးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရပ်ပြန်နိုင်ရေးက ဒီ ကျနော်တို့ ဧပြီလတုန်းကလည်း အတွေ့အကြုံရှိခဲ့တယ်လေ။ ကျနော်တို့ ပိတ်ဆို့နေတဲ့ IDPs တွေကို သွားခေါ်ဖို့ အစိုးရ ကနေ စစ်တပ်က ပိတ်ဆို့တာတွေရှိတော့ ကျနော်တို့ ဘာမှမတတ်နိုင်ဘူးဖြစ်ခဲ့တယ်”

အောက်တိုဘာလ (၁၉) ရက်နေ့က ကချင်ပြည်နယ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ မြစ်ကြီးနားမြို့ အနီးတဝှိုက်ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ကချင်ပြည်နယ်အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များ၊ ပြဿနာများ၊ အခက်အခဲများအား ဖုံးကွယ်ထားခြင်းမပြုလုပ်ပဲ ပြည်ထောင်စု အစိုးရထံ ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြရန် ပြောဆိုခဲ့သည်။

“အစိုးရပိုင်းက အစောတ လျင်ဖြစ်စေချင်တဲ့ ဆန္ဒတွေရှိတယ်။ ကျနော်တို့လည်း နားလည်တယ် ဒါပေမယ့် စစ်တပ်ပိုင်း စစ်ကြောင်းတွေကို ထိုးစစ်ဆင်မှုတွေက ဆက်လက်ရှိနေတုန်းပဲ ဆိုရင်တော့ တိုက်ပွဲက ဖြစ်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ဆိုတော့ အသက်လုံခြုံရေးအတွက် သတ္တိမရှိဘူးပေါ့။ အဲ့လောက်ကြီး ဇွတ်ထိုးပြီးမှ ပြန်နိုင်ဖို့ အကြောင်းမရှိဘူး” ဟု ဒေါက်တာ ခါလမ်ဆမ်ဆွန်က ဆက်ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယခုကဲ့သို့ စစ်ဘေးရှောင်အရေး ပြောဆိုမှုအား ကြိုဆိုကြောင်း၊ သို့သော်လည်း စစ်ဘေးရှောင်ပြည်သူများ နေရပ်ရင်း ပြန်နိုင်ရေးအတွက် အစိုးရအနေဖြင့် ပထမ ဦးစားပေး လုပ်ဆောင်ပေးရမည့်အရာနှင့် ပတ်သက်ပြီး ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းက ယခုလို ပြောသည်။

“ဒုက္ခသည်တွေ ပြန်နိုင်ဖို့အရေး ငြိမ်းချမ်းရေး လုပ်ပေးဖို့လိုပါတယ်။ ဒီတိုက်ပွဲဆိုတာက KIA ကနေ ထိုးစစ်ဆင်ပြီးမှ လုပ်နေတာမဟုတ်ဘူး။ မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင် ပြီးမှ လုပ်နေတဲ့ တိုက်ပွဲ။ ဒါကြောင့် ပထမ ဦးဆုံးအစိုးရအနေနဲ့ စစ်တပ်ဟာ အစိုးရရဲ့ လက်အောက်မှာ ရှိတယ်ဆိုရင် သူက ညွှန်ကြားလို့ ရတာပေါ့၊ ငြိမ်းချမ်းရေးကို တဘက်သတ် အပစ်ခတ်ရပ်စဲရေးကို လုပ်ဖို့လိုအပ်တာပေါ့။ ဒါဆိုရင် ချက်ချင်း အကောင်အထည် ဖော်လာလိမ့်မယ်”

လက်ရှိ နိုင်ငံရေးအနေအထားအရ ပထမဆုံးလုပ်ဆောင်ရမည့် အချက်မှာ တပ်မတော်အနေဖြင့် တဘက်သတ် ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေး ကြေငြာဖို့လိုအပ်ကြောင်း၊ ထိုမှတဆင့် ဒုက္ခသည်အရေးဆွေးနွေးသင့်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေး လေ့လာနေသူများက ပြောသည်။

ငြိမ်းချမ်းရေး ရရှိပါက နောက်ဆက်တွဲအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ် ဆောင်ရမည် ဖြစ်သည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးမှာ မဖြစ်နိုင်သေးဟု ကချင်ငြိမ်းချမ်းရေး အကျိုး တော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

“နေရပ်ပြန်နိုင်ဖို့အတွက်က IDPs တွေရဲ့ နေရာမှာက စစ်မြေပြင်တွေဖြစ်နေတယ်။ နှစ်ဘက်က မိုင်းတွေက အများကြီးရှိနေတယ်။ ပြီးရင်နေအိမ်တွေကို အကုန်ပျက်ဆီးနေတယ်။ မီးရှို့ထားတာတွေလည်း အများကြီးဖြစ်နေတယ်။ အဲ့ဒါတွေက အများကြီးလုပ်ရအုံးမှာပါ”

အစိုးရ တပ်မတော်ဖက်မှ ကချင်ပြည်နယ်အတွင်းသို့ တပ်အင်အားတိုးချဲ့မှုများကြောင့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ထို့အပြင် အချို့ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားမှု မရှိသော်လည်း အစိုးရတပ်မှ စစ်သားများ ကျေးရွာများအတွင်း ရှိနေခြင်းများအပြင် အခြားအခြေအနေအများအပြားသည် စစ်ဘေးဒုက္ခသည်များ နေရပ်ရင်းပြန်နိုင်ရေးကို အလှမ်းဝေးစေသည်ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာနေသူများက ထောက်ပြနေကြသည်။

ကချင်စစ်ဘေးရှောင်များမှာ အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ၂၀၁၁ ခုနှစ်က စတင်ကာ ပြန်လည် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် နေရပ်အိုးအိမ်များကို စွန့်ကာ စစ်ဘေးရှောင်စခန်းများတွင် လာရောက်ခိုလှုံနေကြရသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။