မြစ်ကြီးနား စစ်ဘေးရှောင် ၈၀၀ ကျော် နေရာသစ် ရွှေ့ပြောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

မြစ်ကြီးနားမြို့၊ ပလန-၁ ဒေသရှိ တြီနတီ (Trinity) နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ခိုလှုံနေထိုင်နေကြသည့် စစ်ဘေးရှောင်များ နေထိုင်ရေး အခက်အခဲများရှိနေသည့်အတွက် အသင်းတော်ပိုင်မြေ နေရာတစ်ခုတွင် ယာယီတဲများ ဆောက်လုပ်ပြီး ပြောင်းရွှေ့ပေးနေရသည်ဟု ဓမ္မအမှုတော်ဆောင် ဆရာ Rev ဦးလခေါင်က ပြောသည်။

“သူက ပလနမှာပဲ၊ ဆွမ်ပရာဘွမ် ကားလမ်းမကြီးရဲ့ တဖက်မှာပဲ၊ ဟိုဘက်ဒီဘက်ပေါ့။ အခုပြောင်းတဲ့ နေရာက ဘုရားကျောင်းဝင်းကနေ အသင်းတော်ပိုင်လမ်း တဘက်ခြမ်းမှာရှိတဲ့ မြေပေါ့နော်၊ ခြံထဲမှာ ဆောက်ထားပေးတဲ့နေရာကို ပြောင်းတာပါ။ အဲ့မှာက ပန်းတောက်မြိုင် RC camp တစ်ခုလည်းရှိတယ်။ ကျနော်တို့က အဲ့နားမှာပဲရွှေ့တာ။ ဘုရားကျောင်းနဲ့လည်းနီးတယ်။”

အဆိုပါ စစ်ဘေးရှောင် ရှစ်ရာကျော်မှာ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင် လာကြသူများ ဖြစ်သည်။

IDP 2 IDP 1

လူမှုအသင်းအဖွဲ့များ၏ အကူအညီဖြင့် စစ်ဘေးရှောင်များ နေထိုင်နိုင်ရန်အတွက် ယာယီတဲများ ဆောက်လုပ်ပေးထားသည်ဟု ဆရာ Rev ဦးလခေါင်က ဆက်ပြောသည်။

“အဲ့မြေမှာပဲ NGO တွေ ကူညီမှုအားဖြင့် shelter တွေ ဆောက်ပေးတာပေါ့နော်။ တစ်မိသားစု တစ်ခန်းစီဆောက်ပြီးတော့ ရွှေ့ပေးတာပါ။ အသင်းတော်ပိုင် နေရာမှာပဲ နေရာချပြီး ပြောင်းရွှေ့တာပါ။ အိမ်ထောင်စုက (၁၇၇)၊ လူဦးရေက (၈၄၂) ဦးပါ။ သူတို့က ပြောင်းလာတာက အင်ဂျန်းယန်မြို့နယ်က ပြောင်းလာကြတာ။ ဧပြီ (၂၆) ရက်နေ့က ကျနော်တို့ အသင်းတော်ကို ရောက်လာတာ” ဟု ပြော သည်။

စစ်ဘေးရှောင်များ နေထိုင်နိုင်ရန် ယာယီတဲများကို ဆောက်လုပ်နိုင်ရန် အဓိက ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၊ ဂရုဏာ ဖောင်ဒေးရှင်း (KMSS) နှင့် အခြားသော အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပါဝင်သည်။

ယခင်နေထိုင်သည့် တြီနတီ နှစ်ခြင်းဘုရားကျောင်းဝင်းသည် ဘုရားကျောင်းဖြစ်နေသည့်အတွက် အလွန်ကျဉ်းပြီး နေထိုင်ရေးအပြင် ချက်ပြုတ်ရေးအပိုင်းမှာပါ အခက်အခဲဖြစ်နေသည့်အတွက် ယခုကဲ့သို့ ပြောင်းရွှေ့ပေးရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများ က ပြောသည်။

“ဘာလို့လဲဆိုတော့ အသင်းတော် ကျောင်းဝင်းမှာက အိပ်ဖို့ပဲ အဆင်ပြေတာလေ။ မီးဖိုချောင်ကအစ၊ ထမင်းချက်စားဖို့ကအစ အဆင်မပြေဘူးလေနော်။ ဘုံချက်စားတော့လည်း အခက်အခဲက အများကြီးရှိတယ်။ အခုဆောက်ထားတဲ့ နေရာမှာ ကျဉ်းပေမယ့် မီးဖိုချောင် သေးသေးလေးပါတယ်။ အိပ်ခန်းလေးပါတယ်။ အဲ့လိုပါတော့ သူတို့အတွက် ပိုပြီး အဆင်ပြေတာပေါ့။ ၁၀ ပေ ၉ ပေ ပဲရှိတဲ့အခါကျတော့ နည်းနည်းတော့ ကျဉ်းတာပေါ့နော်”

ယခုဆောက်လုပ်ပေးသည့် shelter ယာယီတဲများမှာ ၁၀ ပေ ၉ ပေ အခန်းများဖြစ်သည်ဟု ပြောသည်။

IDP3 IDP 4

နေရေးထိုင်ရေးအပြင် ကျန်းမားရေး စောင့်ရှောက်မှုနှင့် မီးဖိုချောင်သုံး ပစ္စည်းများလည်း လိုအပ်နေသေးသည်ဟု တာဝန်ရှိသူများ က ပြောသည်။

“အခု လောလောဆယ် သူတို့လိုအပ်နေတာက ကျန်းမာရေးပဲ ဒါကအလိုအပ်ဆုံးပေါ့။ အခုဖျားနာတဲ့ လူလည်းများတယ်။ အများအားဖြင့်တော့ တုတ်ကွေးပေါ့။ ဆေးခန်းသွားဖို့ဆိုလည်း ပိုက်ဆံမတတ်နိုင်ကြဘူး။ တခြားကတော့ နေထိုင်ရေးနဲ့ အစားအသောက်၊ အဝတ်အထည်ပေါ့။ အိုးခွက်ပန်းကန်တွေလည်း လိုနေသေးတယ်။ မလောက်ဘူးဖြစ်နေတယ်” ဟု Rev ဦးလခေါင် က ပြောသည်။

စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ပြီး မြစ်ကြီးနား ပလန-၁ တြီနတီ နှစ်ခြင်း ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း နေထိုင်လာကြသည်မှာ ၆ လ ပြည့်လာပြီ ဖြစ်သည်ဟု သိရသည်။

နေရာသစ်ရှိ အခန်းများတွင် အိပ်ခန်း၊ မီးဖိုချောင် တွဲလျက်ပါဝင်သော်လည်း မိသားဝင် (၁၀) ဦးအောက်မှ တစ်ခန်းသာရရှိပြီး (၁၀) အထက်ရှိပါက နှစ်ခန်းပေးကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ကြောင့် အခန်းမှာ အလွန်ကျဉ်းသည်ဟု စစ်ဘေးရှောင်များ က ပြောသည်။

စစ်ဘေးရှောင် တစ်ဦးက “ကိုယ့်မိသားစုနဲ့ကိုယ် အခန်းရတယ်ဆိုတော့ ပျော်ပါတယ်။ ဒါပေမယ့် ကျဉ်းတာပေါ့နော်။ အားလုံးအိပ်ခန်းတစ်ခန်းထဲမှာပဲ စုပြီးအိပ်ရတယ်။ ကိုယ့်အိမ်လိုတော့ ဘယ်ဟုတ်မလဲ။ အိမ်ပဲပြန်ချင်တယ်” ဟု ပြောသည်။