မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်။
မွန်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေဆဲဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ပြောထားသည်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ဒီဇင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် “ဘာများပြောင်းလဲနေလို့လဲ” အမည်ပေးထားသည့် မွန်ပြည်နယ်အတွင်းက လူ့အခွင့်အရေးအခြေအနေ ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာတွင် အရပ်သားအစိုးရ အာဏာရလာသည့် ၂၀၁၀ ခုနှစ်နောက်ပိုင်းနှင့် အထူးသဖြင့် ပြည်သူလူထုထောက်ခံ သော NLD ပါတီ အာဏာရလာသည့် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံများ လျော့ကျသွားသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားနေဆဲဟု ပြောထားသည်။
“စစ်တမ်းကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ လူ့အခွင့်အရေးချိုးဖောက်မှုက မြို့နယ်တိုင်းမှာ ဖြစ်ပွားနေပါတယ်၊ အများဆုံးကတော့ လယ်ယာမြေပြဿနာ၊ ဒုတိယအများဆုံးက သက်ငယ်မုဒိန်းကိစ္စ၊ နောက်ပြီး အကြမ်းဖက်မှုတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်။ အဖြစ်အများဆုံးမြို့နယ်ကတော့ ကျိုက်မရောနဲ့ ရေး ဖြစ်ပါတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း Program Coordinator မင်းဗညားအက်ဗွန် က ပြောသည်။
အစီရင်ခံစာကို ပြည်နယ်အတွင်းရှိ မြို့ နယ် ၁၀ မြို့ နယ်အနက်မှ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများသည့် ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့မှ ကျွေးရွာပေါင်း ၃၄ ရွာရှိ လူဦးရေ ၅၆၃ ဦးတို့ကို မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့သည့်အချက်အလက်များအပေါ် အခြေခံထုတ်ထားခြင်း ဖြစ်သည်။
လယ်ယာမြေပြဿနာများ၊ လိင်အကြမ်းဖက်မှုများ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းများနှင့် သယံဇာတများ လက်လွတ်စပယ် ထုတ်ယူခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာနေသည် ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရာတွင် ယခင်တပ်မတော်အစိုးရ လက်ထက်ကအတိုင်း ခက်ခဲနေဆဲဖြစ်သည်ဟု အဆိုပါအစီရင်ခံစာက ထောက်ပြထားသည်။
ပြည်သူ့ဆန္ဒမဲဖြင့် အာဏာရလာသည့် အစိုးရနှင့် လွှတ်တော်အနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအား ထိရောက်စွာ အကာအကွယ်မပေးနိုင်သည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုကို တားဆီးပေးနိုင်သည့် မျှတတိကျသည့် ဥပဒေများ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် ဥပဒေများကို ပြဌာန်းပေးနိုင်ရန်လည်း ပျက်ကွက်ခဲ့သည်ဟု ပါရှိသည်။
၎င်းအပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးလာခဲ့သည့် ခေတ်နောက်ကျနေပြီဖြစ်သော ဖိနှိပ်သည့် ဥပဒေများကို ပြင်ဆယ်ပျယ်ဖျက်ခြင်းမရှိပဲ ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။
စာမျက်နှာ ၆၄ မျက်နှာပါရှိသည့် အဆိုပါအစီရင်ခံစာတွင် ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက် ခံရမှုအခြေအနေအပြင် လူ့အခွင့်အရေးဆိုင်ရာ တတ်သိနားလည်မှုနှင့် ချိုးဖောက်ခံရမှုများဆိုင်ရာ လေ့လာဆန်းစစ်ခြင်းအခြေအနေကိုလည်း ဖော်ပြထားသည်။